မောင်ဒဂုံ၏ အိမ် ယနေ့ည မိန်းပျက်နေသည်

Author မောင်ဒဂုံ
Categories
Published on Oct 28, 2022

မီးပိတ် သပိတ်တဲ့။ သတိရမိသွားသည်။ တစ်ချိန်က အသံတိတ် သပိတ်လုပ်ခဲ့စဥ်က အကြောင်းကို။ ရှင်းလင်းနေသည့် လမ်းမကြီးများနှင့် စီးနင်းသူ ကင်းမဲ့နေသည့် YBS များက ရန်ကုန်မြို့ကို တိတ်ဆိတ်သွား စေခဲ့သည်။

ညီလိုက်တဲ့ ပြည်သူတွေ။ သူတို့တွေ မည်မျှ စစ်အာဏာရှင်ကို စက်ဆုပ်နေကြသနည်း။

ယခုလည်း မီးပိတ် သပိတ်။ နာရီ ကြည့်လိုက်သည့် အချိန် ၈နာရီနှင့် မိနစ် ၂၀။ ရင်ခုန်သံများက ဒိတ်ဒိတ် ဒိတ် ဒိတ် ဖြင့်။ ယခုကဲ့သို့ ရင်ခုန်မှုမျိုး ဘူဒိုဇာကို မိုလိုတော့ဖြင့် ထုတုန်းကပဲ မောင်ဒဂုံ ရဖူးသေးသည်။

“ချက် ချက် ချက် ”

စက္ကန့်တံများက တစ်ရွေ့ရွေ့ဖြင့်။ မီးများကဖြင့် မပိတ်သေး။ လိုပါသေးသည်လေ။ အချိန် ငါးမိနစ်ကျော်မျှ။

ဦးနှောက်ထဲ ကိုယ်ချင်းစာ စိတ်က ပေါ်လာသည်။ အနန့်ပါက အပြစ်မဲ့ သူများ အကြောင်း။ သူတို့မှာ ထိုညက ထိုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံရမည်ဟု ထင်မှတ်ခဲ့မည်ဟု မောင်ဒဂုံ မထင်မိ။

ပွဲခင်းထဲ လေယာဥ်ဖြင့် ညကြီး မင်းကြီး လာပစ်မည်ကို မည်သူက ထင်မည်နည်း။ ဤကမ္ဘာ၌ ထိုမျှလောက် ရက်စက်သူများ ရှိကောင်း ရှိနိုင်မည်။ သို့သော် ဤနိုင်ငံကား မြန်မာနိုင်ငံ ဖြစ်နေသည်လေ။

အထင်များက မြန်မာစစ်တပ်အပေါ် မသက်ရောက်။ ပွဲခင်းထဲ လေယာဥ်ဖြင့် ဗုံးကြဲသည်။ လူတစ်ရာကျော် သေခဲ့ရသည်။ ဤကား ခေတ်သစ် နာဇီများ၊ ဖက်ဆစ်များ၏ လုပ်ရက်။

ဒုတိယကမ္ဘာစစ်ကာလက ဂျူးများ၏ အဖြစ်ကိုပင် သတိရမိသွားသည်။ ကွာခြားမှု မည်မျှ ရှိမည်နည်း။ တွေးကြည့်နိုင်သည်။

အတွေးလွန်နေ၍ မရ။ မိန်းခလုတ်စီ လက်တင်။ မီးပိတ်ရန်ပြင်လိုက်သည်။ ဘေးအိမ်များကတော့ဖြင့် မပိတ်ကြသေး။ အချိန်အတိအကျ ပိတ်မည်ဟု ထင်မိ၍ မောင်ဒဂုံ စိတ်မပူ။

မောင်ဒဂုံ မီးပိတ်လိုက်သည်။ နာရီက ၈နာရီခွဲကို ကျော်၍ ဆယ့်ငါးမိနစ်ပင် စွန်းလာသည်။ မည်သည့် အိမ်မျှ မီးကမပိတ်။ မိနစ် နှစ်ဆယ် ။ သုံးဆယ်။

မကြာပါ။ မောင်ဒဂုံ ပြက္ခဒိန်တစ်ခု၏ နောက်ကျောကိုယူ စာရေး၍ အိမ်ရှေ့၌ ကပ်ထားလိုက်ရသည်။

ယခုည ဧည့်စားရင်များ စစ်လေမလား လိုလိုမယ်မယ်ပေါ။

“မောင်ဒဂုံ၏ အိမ် ယနေ့ည မိန်းပျက်နေသည်။”
#မီးပိတ်သပိတ် #ရန်ကုန်မြို့ #အနန့်ပါ