မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

Author ခေတ်နီ
Categories
Published on Sep 09, 2023

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးထက်မနည်း အစာငတ်ခံဆန္ဒပြနေကြောင်း ထိုအကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

မုံရွာအကျဉ်းထောင်အတွင်း ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့က ဌာနပေါင်းစုံ အထူးရှာဖွေရေး လုပ်ဆောင်ပြီးနောက် အကျဉ်းသားများ၏ တစ်ကိုယ်ရေသုံးပစ္စည်းများသိမ်းဆည်းခံရပြီး အဆိုပါ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အကျဉ်းထောင်ဘက်ကို တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များဘက်မှ သီးသန့်အဆောင်တစ်ခုသို့ပြောင်းရွှေ့ကာ အနီးကပ်စောင့်ကြည့်မှုများရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆိုသည်။

“သူတို့ကိုမနေ့က စစ်ဆေးရေးဝင်တယ်။ ထောင်တွေမှာက တစ်လတစ်ခါ အဲဒီလို စစ်ဆေးရေး ဝင်တာရှိပေမယ့် အခုက ထောင်အာဏာပိုင်တွေမပါဘဲ ထွေအုပ်တွေ၊ ရဲတွေ၊ စစ်သားတွေက ဝင်စစ်ပြီး ထောင်ကခွင့်ပြုတဲ့ အကျဉ်းသားတွေရဲ့ အဝတ်အစားတွေနဲ့ စာအုပ်တွေကိုပါသိမ်းသွားတယ်။ အကျဉ်းသားတစ်ယောက်ကို ထောင်ဝတ်စုံနှစ်ခုနဲ့ စောင်နှစ်ထည်လောက်ပဲ ထားခဲ့တာ အဲဒါတွေပြန်ပေးဖို့ အစာငတ်ခံဆန္ဒပြနေတာပါ။ တခြား တောင်းဆိုချက်တွေလည်းပါတယ်။ အကုန်တော့မသိရသေးဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။

ထိုသို့ အစာငတ်ခံဆန္ဒပြနေသူများတွင် မုံရွာနှင့် ချောင်းဦးသပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးသည် ကနဦးအထိပါဝင်နေပြီး တောင်းဆိုချက်များမရရှိမချင်း အစာငတ်ခံဆန္ဒပြမှုကို အရှိန်တိုးမြင့်မည့် အလားအလာရှိနေကြောင်း ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

မုံရွာထောင်တွင်း အထူးရှာဖွေရေးဖြစ်ရပ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း တစ်ကြိမ်ရှိခဲ့ဖူးပြီး ယခုတစ်ကြိမ်သည် မည်သည့်အတွက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

ထို့ပြင် မုံရွာထောင်အတွင်း အကျဉ်းကျခံနေရသည့် အကျဉ်းသားများအတွက် ထောင်ဝင်စာပို့မှုကိုလည်း ထောင်အာဏာပိုင်များဘက်မှ တင်းကြပ်ပိတ်ပင်ထားကြောင်း ထပ်မံသိရသည်။

မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ ဖိနှိပ်ညှင်းပန်းနေမှုသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာပြီး နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများသည် စိုးရိမ်ရသည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။

လက်ရှိမုံရွာအကျဉ်းထောင်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။