မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၃မှ ၂၆ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်

Published on Oct 20, 2022

မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၃ရက်မှ ၂၆ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သ စောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“မြန်မာပြည်ကို မုန်တိုင်းအရှိန်သက်ရောက်မှု ပိုပြီးများလာနိုင်တယ်။ အထူးသဖြင့် ၂၃ရက်ကနေစပြီး ကမ်းနီးကမ်းဝေးရေလုပ်ငန်း လုပ်ကွက်တွေနဲ့ ဧရာ၀တီကမ်းရိုးတန်းတစ်လျှောက်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းများကျရောက်ပြီး တစ်နာရီ မိုင် ၄၀အထိ တိုက်ခတ်ပြီးတော့လှိုင်း အမြင့်က ၉ ပေကနေ ၁၁ပေအထိရှိနိုင်တာကို တွေ့ရတယ်” ဟု ဦး၀င်းနိုင်က ပြောသည်။

အိန္ဒိယမိုးလေ၀သဌာန ခန့်မှန်းတွင် ကပ္ပလီပင်လယ် ပြင်၌ လေဖိအားနည်းရပ်၀န်းတစ်ခု စတင်ဖြစ်ပေါ်နေပြီး၊ နောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၂ရက်တွင် ဘင်္ဂလားပင် လယ်အော် အလယ်ပိုင်းသို့ရောက်ရှိပြီး မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာကာ၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းပြီး အိန္ဒိယနိုင်ငံ သြရိသ ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ဦး၀င်းနိုင်ကပြော သည်။

“ နောက်လာမည့် ၃ရက်ကနေ ၅ရက်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအချို့ကလွဲပြီး တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်တယ်။ တနင်္သာရီတောင်ပိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ ရခိုင်၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်း အ ထက်ပိုင်းဒေသများမှာ မိုးသက်လေပြင်းကျရောက် ပြီး မိုးသည်းထန်နိုင်တယ်” ဟု ဦး၀င်းနိုင်က ဆက်လက်ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် လေဖိအားနည်းရပ်၀န်းတစ်ခုဖြစ် ပေါ်နေပြီး၊ အောက်တိုဘာ ၂၂ရက်တွင် မုန်တိုင်းငယ် အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၃ရက်တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၄ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီး၊ အောက်တိုဘာ ၂၅ရက်တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေသည် တစ်နိုင်ငံလုံးမှ ဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်၀န်း၊ မုန်တိုင်းများကြောင့် မိုးဆက်လက်ရရှိနေခြင်းဖြစ်သည်။