မိုးမိတ်တွင် KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်၊ ဒေသခံများပိတ်မိနေသည့်အပြင် ထိခိုက်သူများရှိ

Author ခေတ်နီ
Categories
Published on Jan 18, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ မြို့ခံလူထုများပိတ်မိနေသည့်အပြင် အရပ်သားထိခိုက်မှုများရှိကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

 

မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်များက ယနေ့(ဇန်နဝါရီ ၁၈ ရက်)နံနက်ပိုင်းမှစတင်ကာထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများပါအသုံးပြုခုခံနေရပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားအချို့ထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

 

“အခြေအနေကတော့ ပိတ်မိနေတာပေါ့။ အခုက ပုန်းကျွင်းထဲမှာ။ လေယာဥ်နဲ့လည်း ခဏခဏလာကြဲတယ်။ လူနေအိမ်တွေ တော်တော်ထိတယ်ကြားတယ်။ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကထိ ကြားရသလောက် ပြည်သူ ၆ ဦးအထိ ထိထားတာရှိတယ်။ စောန ၁ နာရီလောက်က ရွှေတောင်ဦးဘုရားပေါ်မှာ PDF ဘက်နဲ့ စစ်တပ် အပြန်အလှန်ပစ်ကြတယ်လို့ကြားတယ်” ဟု တိုက်ပွဲအတွင်းပိတ်မိနေသည့် မိုးမိတ်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

 

ထို့ပြင် မိုးမိတ်ရဲစခန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသည်ဟုသောသတင်းများလည်းလူမှုကွန်ရက်ပေါ်တွင် ပျံနှံ့နေသော်လည်း CJ Platform အနေဖြင့် ထိုအခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။

 

မိုးမိတ်မြို့နယ်အတွင်း ယခု ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များဘက်ကတိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁  ရက်နေ့ကလည်း မန်ပတ်ကျေးရွာဘုရားတောင်ကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခလရ ၂၂၃ စခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိခဲ့သည်။