မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်းသည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း မင်းအောင်လှိုင်ပြော

Author လင်းခိုင်
Categories
Published on Dec 10, 2022

မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်းသည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၉ ရက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လာဘ်ပေး လာဘ်ယူခြင်းထက် ပိုမိုကျယ်၀န်းကြောင်း၊ ခြိမ်းခြောက် ငွေညစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော် ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင် ပစ္စည်းအဖြစ် သုံးစွဲခြင်း၊ မလျော်သြဇာသုံးပြီး မဲဆွယ်ခြင်း၊ မိမိ နှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒ ရှိခြင်းတို့သည် အဂတိ လိုက်စားမှုမြောက်သည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် အဂတိပယ်ခွာ ပြည်သာယာဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှု ကျူးလွန်ခြင်းများကို လျော့နည်းပပျောက်စေရေးအတွက် မူဝါဒနှင့် ဥပဒေမူဘောင်ခိုင်မာရေး လုပ်ထုံးလုပ်နည်းများ ကို အလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ယင်းက ပြောကြားသည်။

ယင်းအပြင် အဂတိလိုက်စားမှုများသည် အသွင်အမျိုးမျိုးဆောင်ပြီး ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကြောင်း အရသာမက ကောင်းမွန်သော ကိုယ်ကျင့် တရား ထွန်းကားရေး နည်းလမ်းများအရ ဆောင်ရွက်ရမည်ဖြစ်ကာ၊ နိုင်ငံ၀န်ထမ်း၊ ပြည်သူ့၀န်ထမ်းများ သာမက အများပြည်သူများနှင့်လည်း သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်သည့်အတွက် အားလုံးပါ၀င်ဆောင်ရါက်ကြရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ဆက်လက်ပြောကြား သည်။

အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်ကြောင်း၊ အဂတိလိုက်စားမှု လုံး၀လက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာရေးစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ အချိန်နှင့် တပြေးညီ လုပ်ဆောင်ရမည်ဟု မင်းအောင်လှိုင်ကပြောကြားသည်။

မင်းအောင်လှိုင်သည် အဂတိ ကင်းစင်ရေးဟု ပြောကြားနေသော်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များချပေးခြင်း၊ ယင်းကိုယ်တိုင် နိုင်ငံပိုင်မြေများကို အလွဲသုံးစားလုပ်ခြင်းများ၊ ယင်း၏ လက်အောက်ခံ စစ်တပ်နှင့်ရဲများသည် ဧည့်စာရင်း မကြာခဏစစ်ပြီး၊ ဧည့်စာရင်းတိုင်ကြားခြင်းမရှိသူများထံမှ မတရားသဖြင့် ငွေတောင်းခံမှုများပြုလုပ်လျက်ရှိသည်။