မဝေခင် ကြွေခဲ့ရသည့် ချယ်ရီ


ချယ်ရီပန်းတွေဟာ နှစ်တစ်နှစ်မှာ တစ်ကြိမ်သာ ဖူးပွင့်ကြပြီး တစ်ခါပွင့်လျှင် ၁၃ ရက်မှ ရက် ၂၀ ထိသာ ကြာမြင့်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ကုန်းမြင့်ဒေသဖြစ်တဲ့ ရှမ်းပြည်လို အအေးဓာတ်ခံကောင်းတဲ့ နေရာဒေသမျိုးမှာ ချယ်ရီပင်တွေကို တွေ့နိုင်ပြီး ချယ်ရီပန်းပွင့်ချိန်ရောက်တဲ့အခါ တစ်ပင်လုံးလှိုင်လှိုင်မဝေခင် အကြွေစောကြတာကြောင့် ပန်းချစ်သူတွေ အလုအယက် လာကြည့်တတ်ကြပါတယ်။

 

အာရူးတဲ့ မင်းအောင်လှိုင်ကြောင့် မဝေခင်မှာ ကြွေခဲ့ရတဲ့ အနာဂတ် ကြယ်ပွင့်များစွာလည်း ဒီနွေဦးတော်လှန်ရေးမှာ များစွာရှိခဲ့ပါတယ် ဒီထဲမှာ မစုမေအောင်လည်း ပါဝင်ခဲ့တာပေါ့။

 

မစုမေအောင်ကို ကြွက်ဖြူလေးတစ်ကောင်လိုပဲ တင်စားချင်ပါတယ်။ ရှားပါးလှတဲ့ သူမရဲ့ ပုံရိပ်တွေအနက် သူငယ်ချင်းဖြစ်သူတွေရဲ့ သတင်းစကားအရ နဖူးပြောင်သယောင်ယောင် ဆံပင်ရှည်လေးကို နောက်မှာစည်းထားပြီးတော့ သွားလေးတွေ ဖြူဖြူဖွေးဖွေးနဲ့ မျက်နှာကြည်လင်လှတဲ့ ကောင်းမလေးတစ်ယောက်ပါပဲ။ အသားဖြူဖြူနဲ့ ညာလက်မှာ နာရီငယ်လေး ပတ်ထားတတ်ပါတယ်။

 

သူမဟာ အသက်(၂၀) စွန်းစွန်းသာရှိသေးပြီးတော့ မကွေးတက္ကသိုလ်ရဲ့ ဓာတုဗေဒ ဂုဏ်ထူးတန်း ကျောင်းသူတစ်ဦးပါ။ သူမဟာ စိတ်သဘောထား နူးညံ့သူတစ်ဦးဖြစ်တယ်လို့ သူငယ်ချင်းတွေက ဆိုကြပါတယ်။

 

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ သူမရဲ့ ဘဝဟာလည်း တဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။ လူငယ်ဆိုတာ မတရားမှုကို လက်မခံကြဘူးလေ။

 

ဂုဏ်ထူးတန်းကျောင်းသူကြီးဟာ ငါ CDM လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးကို စွန့်ခွာခဲ့ပါတယ်။ လူငယ်ပီသစွာ သူဟာ မတရားမှုကို လက်မခံခဲ့တာကြောင့် ပြင်ပ ပတ်ဝန်းကျင်မှာသာမက လူမှုကွန်ရက်တွေပေါ်မှာလည်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

 

ဒီ့အတွက်ပဲ သူမကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ နေအိမ်တွင်းထိ ဝင်ရောက် ဖမ်းဆီးခဲ့တာပေါ့။

 

ဒီလို နုငယ်တဲ့ မိန်းမပျိုငယ်ကို အရင့်မာသော ယောင်္ကျားကြီးတွေက နေအိမ်ကို ဝင်ရောက် စီးနင်းပြီးဖမ်းဆီးရလောက်အောင် သူမဟာ ရာဇဝတ်မှုကြီးတွေလည်း လုပ်ဆောင်ခဲ့သူ မဟုတ် သိမ်မွေ့တဲ့ မိန်းမပျိုငယ်လေး တစ်ယောက်ပါပဲ။ တစ်ခုပါပဲ သူယုံကြည်ရာ အမှန်တရားကိုတော့ လူ့အခွင့်အရေးနဲ့အညီ ဖော်ထုတ်ခဲ့သည်ပေါ့။

 

စစ်ကောင်စီဟာ မစုမေအောင်ကို ဖမ်းဆီးပြီးနောက်မှာ အကြမ်းဖက်အားပေး ဥပဒေလို့ဆိုတဲ့ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅နှစ်ထိ ချမှတ်ခဲ့ပါတယ်။

 

နဂိုတည်းက ကြွက်ဖြူလေးတစ်ကောင်လို နူးညံ့တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကာလရှည်ကြာ အကျဉ်းထောင်အတွင်းဆိုတဲ့ အရာဟာ သူမရဲ့ ကျန်းမာရေးကို စိတ်ရောလူပါ ထိခိုက်လာစေခဲ့ပါတယ်။

 

“သူက အလှအရမ်းကြိုက်တယ်၊ အထဲမှာလည်း မှန်လေးတစ်ချပ်နဲ့ သူ့ကိုယ်သူ ထိုင်ကြည့်တယ်၊ တစ်ယောက်တည်း ဘေးနားမှာ ချစ်သူရည်းစားနဲ့ စကားပြောသလို တွတ်တွတ် နဲ့ပြောတတ်တယ် ။ ကျွန်မနဲ့ စတွေ့တုန်းက ဒီတိုင်းသာမန်လူလိုပဲ အသားအရည် ဝဝဖြိုးဖြိုးလေး”လို့ ၂၀၂၂ ခုနှစ် တုန်းက မစုမေအောင် နဲ့ အကျဉ်းကျခံစဉ် က ထောင်တွင်း အတူနေထိုင်ခဲ့ရသူ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

ထောင်တွင်းရောက်ပြီး  မကြာခင်မှာပဲ အစားအသောက် ညံ့ဖျင်းမှု၊ ထောင်တွင်း သောက်ရေ သုံးရေ မသန့်ရှင်းမှုတွေ နဲ့ ထောင်အာဏာပိုင်တွေက ပေးတဲ့ စိတ်ဒဏ်ရာတွေကြောင့် နဂိုအခံ ချူချာလှတဲ့ မစုမေအောင်ရဲ့ စိတ်ရောဂါဟာလည်း တဖြည်းဖြည်းဆိုးရွားလာခဲ့ရပါတယ်။

 

“ထမင်းကိုလည်း မဝါးဘူး မျိုချတယ် နည်းနည်းပဲစားတယ်။ ပြီးရင် ပန်းကန်တွေ လွှတ်ပစ်တယ်။ ညညဆို လည်း ထထအော်တတ်တယ်။ မိသားစုက ထောင်ဝင်စာတွေပို့ပေမဲ့ အကုန်မရောက်ဘူး သူ့ဆီ ။အဲ့တော့ ဘေးကသူများ ပေးတာ ကျွေးတာလေးတွေနဲ့ စားတယ်” လို့ ထောင်တွင်းတူတူ နေထိုင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမည်မဖော်လိုသူ အမျိုးသမီးက ဆိုပါတယ်။

 

ဒီလိုမျိုး မိသားစုဝင်တွေက ပို့လိုက်တဲ့ ထောင်ဝင် စာတွေ အကုန် မရရှိတာဟာ မစုမေအောင် တစ်ယောက်တည်း မဟုတ်ပါဘူး။  မြန်မာနိုင်ငံတဝန်း စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေ အားလုံးလိုလိုမှာ ဖြစ်နေတာပါ။

 

“”သူတို့(အကျဉ်းထောင်ဝန်ထမ်း)တွေက ပိုက်ဆံတွေ၊ စားစရာတွေကို အကျဉ်းကျနေသူတွေက တောင်းတယ်ဆိုပြီး မိသားစုဝင်တွေဆီကနေ ယူပေးရတာတွေလုပ်ပြီး၊ တကယ်တမ်း ကာယကံရှင်တွေနဲ့ ကျွန်မတို့တွေ့ရတဲ့အခါ သူတို့ ဘာမှမရကြဘူးလို့ ပြောကြတယ်။ ကြားထဲက သူတို့က ဖြတ်ယူနေတဲ့ သဘောပဲပေါ့” လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးထံကို ထောင်ဝင်စာပို့နေတဲ့ မိသားစုဝင်က ပြောပါတယ်။

 

ထောင်ဝင်စာတွေ ပို့သလောက်ရောက်စေလိုတဲ့အခါ ထောင်ဝန်ထမ်းတွေ အတွက် ငွေနဲ့ စားစရာတွေ ပိုထည့်ပေးရပြီး ပိုက်ဆံ တစ်သိန်း ထောင်ထဲပို့ချင်တာမျိုးမှာ ၁ သိန်း နှစ်သောင်း ပေးရတာမျိုး၊ ဆေးဝယ်ဖို့ ပိုက်ဆံ ၅ သောင်း ကုန်ကျမှာကို ၆သောင်း ပေးရတာမျိုးတွေ လုပ်မှ ပေးချင်တဲ့ပစ္စည်း အထဲအကုန်ရောက်တယ် လို့ နောက်ထပ် နိုင်ငံရေးအကျဉ်းကျနေသူထံ ထောင်ဝင်စာပို့နေသူ မိသားစုဝင်က ပြောပါတယ်။

 

ဒီလိုမျိုး ငွေညှစ်မှုတွေ ရှိလာတဲ့အခါ ထောင်ဝင်စာပေးပို့နေရသူ မိသားစုဝင်တွေအဖို့ အချိန်မှန် ထောင်ဝင်စာ ပို့နိုင်ဖို့အရေး သောကတွေ ပိုလာရပါတယ်။

 

တစ်ပူပေါ်နှစ်ပူဆင့်လာတဲ့ မိသားစုဝင်တွေ ဒုက္ခမများစေဖို့အရေး ဝေဒနာတွေကို ဇွတ်မှိတ်ပြီး ကျော်ဖြတ်နေတဲ့ မစုမေအောင်တစ်ယောက်လည်း ၂၀၂၃ ဩဂုတ်လ မှာတော့ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေ ကို မခံစားနိုင်တော့လို့ ပြင်ပဆေးရုံတွေကို ပြသခွင့် ထောင်အာဏာပိုင်တွေကို တောင်းခဲ့ပါတယ်။

 

ထိုအချိန်က စလို့ အသက် ၂၂ အရွယ်ရှိလာတဲ့ မစုမေအောင် မှာ အသည်းရောဂါ၊ အဆုတ်ရောဂါနဲ့ အရေပြားရောဂါတွေ ခံစားခဲ့ရတာလို့ နီးစပ်သူ နိုင်ကျဉ်းအသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

လူ့အခွင့်အရေးကို လျစ်လျူရှုကြတဲ့ ထောင်အာဏာပိုင်တွေဟာလည်း ချက်ချင်းခွင့်မပြုခဲ့ဘဲ ၂၀၂၄ ဇန်နဝါရီ လ ဆန်းမှာမှ အရိုးပေါ်အရေတင် ဖြစ်လာတဲ့ မစုမေအောင် ကို ပြင်ပဆေးရုံမှာ ပြသဖို့ ခွင့်ပြုပေးခဲ့တာပါ။

 

သို့သော်လည်း အချိန်နှောင်းလေပြီမို့ အရေပြားရောဂါဟာ ကင်ဆာအဆင့်ထိ ပြောင်းလဲနေပြီး အသည်းကလည်း ပုံမှန်ထက်ကြီးလို့နေပါပြီ။

 

”အဆုတ်မှာလည်း ရေလျှံလို့ ဖောက်ထုတ်လို့တောင် မနိုင်ဘူး”လို့ မစုမေအောင်ပြသခဲ့တဲ့ ဆေးရုံကြီးက အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်း တစ်ဦး က ဆိုပါတယ်။

 

နောက်ဆုံးမှာတော့ အနာဂတ်ရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဂုဏ်ထူးတန်းကျောင်းသူကြီး မစုမေအောင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ အာဏာရှင် လူတစ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ချယ်ရီတွေလိုပဲ မဝေခင်မှာပဲ ကြွေခဲ့ရပါတယ်။

 

မဝေခင်မှာ ကြွေခဲ့ရတဲ့ အနာဂတ်ကြယ်ပွင့်လေးတွေဟာ မစုမေအောင် တစ်ယောက်မကပါဘူး။ ၂၀၂၃ ခုနှစ်မှာ အစားအသောက်၊ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးခြင်းတွေကြောင့် အကျဉ်းထောင်များအတွင်းမှာ အကြွေစောခဲ့ရသူ ၁၇ ဦးအထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မဝေခင်ကကြွေနှင့်သည့် ချယ်ရီပန်းတွေ အတွက် တခုတ်တရ အောက်မေ့ဖွယ် အခမ်းအနားတွေဟာလည်း ယခုအချိန်ထိ ပြုလုပ်နိုင်သေးခြင်း မရှိသေးပါဘူး။ ကြွေလွင့်ခဲ့ရတဲ့ ကြယ်ပွင့်လေးများအတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှုကတော့ သူတို့ အလိုရှိခဲ့တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးပါပဲ။

 

ပေးဆပ်ခဲ့ရသူတွေရဲ့ ဘဝတွေ အသက်တွေအတွက် ချယ်ရီတွေ ဝေဆာနေဖို့အတွက် ကျန်ရစ်သူတွေမှာ တာဝန်ကိုယ်စီရှိနေပါတယ်။ ပြိုင်တူတွန်းရင် ရွေ့ပါလိမ့်မယ်။