မင်းပြား၊ သာဒါ(မူဆလင်)ရွာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ် ၁၁ ဦးအပါအဝင် ၂၂ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

Author ကိုထားဝယ်
Categories
Published on Mar 20, 2024

စစ်ရှုံးနေသော ရခိုင်ပြည်တွင် စစ်ကောင်စီသည် ယမန်နေ့ မတ်လ ၁၉ ရက် သန်းခေါင်ယံအချိန်တွင် မင်းပြားမြို့၊ သာဒါ(မူဆလင်)ကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် ၂၂ ဦးထက်မနည်းသေဆုံးပြီး ၂၉ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

“ဒီလိုဖြစ်စဉ်မျိုးဟာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ နေ့စဉ်ကျူးလွန်နေတဲ့ မရိုးနိုင်တဲ့လုပ်ရပ်တွေပဲဖြစ်သလို လွန်စွာသိက္ခာမဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော် AA က ဆိုသည်။

AA ထုတ်ပြန်သည့် သေဆုံးစာရင်းများအတွင်း ၁ နှစ် မှ ၁၀ နှစ်အရွယ်အထိကလေးငယ် ၁၁ ဦး၊ လူငယ်အရွယ်များဖြစ်သော အသက် ၁၈ မှ ၃၀ အထိ ၈ ဦး၊ ၃၀ နှစ်နှင့်အထက် ၃ ဦးဖြစ်သည်။ ၎င်းတို့သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု AA က ဆိုသည်။ တစ်ဦးမှာမူ ULA/AA ၏ ဆေးကုသမှုပေးနေစဉ် သေဆုံးခဲ့ရသည်။

ထို့ပြင် ဒဏ်ရာရသူ ၂၉ ဦးတွင် ၁၈ လနှင့် ၂၆ လအရွယ် ကလေးငယ် ၂ ဦး၊ ၃ နှစ်မှ ၁၃ နှစ်အထိ ကလေးငယ် ၁၀ ဦး၊ အရွယ်ကောင်းများဖြစ်သည့် ၁၈ မှ ၄၀ နှစ်အထိ ၁၃ ဦးနှင့် ၄၀ နှစ်အထက် ၄ ဦးအထိပါဝင်သည်။ ၎င်းတို့ကို ရက္ခိုင့်တပ်တော် AA ဆေးတပ်ဖွဲ့က ဆေးကုသပေးနေသည်ဟု သိရသည်။

စစ်ကောင်စီ ဗုံးကြောင့် သေဆုံးသွားသူများမှာ သာဒါ(မူဆလင်)ရွာမှ ၁၀ ဦးဖြစ်ပြီး အခြားသူများမှာ သာဒါရွာသို့ စစ်ဘေးလာရှောင်နေကြသည့် ဆင်ကြီးပြင်(မူဆလင်)ရွာမှ ၁၂ ဦးတို့ဖြစ်သည်ဟု AA ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့သို့ လူသေဆုံး၊ ထိခိုက်မှုများအပြင် သာဒါရွာမှ နေအိမ် (၆) လုံးပျက်စီးသွားသကဲ့သို့ နွားတစ်ကောင်သေဆုံးကာ တစ်ကောင်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ်အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သကဲ့သို့ ကျန်မြို့နယ်များတွင်လည်း စစ်ရေးအားသာချက်အပြည့်ဖြင့် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထို့ပြင် တောင်ပိုင်းရှိ မြို့နယ်များကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် တောင်ပိုင်းက စစ်ကောင်စီတပ်များသည် AA လာရောက်တိုက်ခိုက်မည်စိုးရိမ်သဖြင့် လမ်းဖျက်ဆီးမှုများအပါအဝင် ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြသည်။

 

စစ်ကောင်စီအနေဖြင့် လတ်တလော ရခိုင်‌ တောင်ပိုင်းရှိ ရမ်းဗြဲမြို့ကို လက်လွှတ်ထားရသည့်အပြင် မြောက်ပိုင်းရှိ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့တို့ကို AA ထံသို့ လက်လွှတ်ထားရသည်။

 

ဓာတ်ပုံ – AA Info Desk