“ဘယ်တော့မှ အရှုံးမပေးလိုက်နဲ့”

Author မောင်ဒဂုံ
Categories
Published on Sep 02, 2022

လတ်တလောမှာ အသက်ဆက်ရှင်သန်ဖို့ကို လက်လျှော့လိုက်ဖို့ ကြိုးစားတဲ့ ဖြစ်စဥ်တွေ အဖြစ်များနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်ထဲမှာကို အလားတူ ဖြစ်စဥ်မျိုး ငါးခု မက ဖြစ်ခဲ့ပါတယ်။

ဒီ မတိုင်ခင်မှာလည်း မြန်မာနိုင်ငံတွင်းမှာတော့ မဟုတ်ပေမယ့် မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ချင်းလူမျိုး သားအဖ လေးယောက်၏ ရင်နင့်ဖွယ် ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး အသက်ဆက်ရှင်ဖို့ လက်လျှော့လိုက်တဲ့ ဖြစ်စဥ်တွေရဲ့ နောက်ကွယ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ကြုံနေရတဲ့ ထိခိုက်မှုတွေကလည်း ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။

ဘာသာရေး ယုံကြည်မှုတွေအလိုက် ကိုယ့်ဘဝကိုယ်တိုင် အဆုံးရှုံးခံလိုက်သူတွေအတွက် ခံရမယ့် အပြစ်တွေ၊ ငရဲတွေကို ပြပြီး ဒီလို ဖြစ်စဥ်တွေ ပြုလုပ်ဖို့ ကြိုးစားသူတွေကို တားမြစ်တာ ထိရောက်ရဲ့လား ဆိုတာလည်း တွေးစရာတစ်ခု အဖြစ်မြင်တွေ့လာရပါတယ်။

စစ်အာဏာသိမ်းကာလအပြီး Y မျိုးဆက်လို့ ခေါ်မယ့် ၁၉၈၁ခုနှစ်မှ ၁၉၉၄ခုနှစ်အတွင်း မွေးဖွားသူတွေနဲ့ ၁၉၉၄ခုနှစ် နောက်ပိုင်း မွေးတဲ့ G-Z တွေကြားမှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ယုံကြည်မှုတွေ ကျဆင်းလာခဲ့တာကို တွေ့ရပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အတူတကွ တွဲမြင်တွေ့ရတတ်တဲ့ ဘာသာရေး ခေါင်းဆောင်အချို့ကလည်း လူငယ်တွေရဲ့ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု ကျဆင်းရစေတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဘာသာရေးအပေါ် အယုံအကြည် ရှိမှု ကျဆင်းလာခြင်းက ဒီ ဘာသာရေး အစဥ်အလာ သက်ဝင်မှုအရ ပေးမယ့် ပြစ်ဒဏ်တွေကိုပါ ကြောက်ရွံ့မှု လျော့နည်းသွား စေပါတယ်။

ဒီလိုတွေ ဖြစ်နေချိန်မှာ စီးပွားရေးကျပ်တည်းမှုတွေ၊ ဘဝတက်လမ်းအတွက် ထွက်ပေါက် ပိတ်နေမှုတွေကလည်း လူငယ်တွေ အပေါ်မှာ ခြိမ်းခြောက် ကြီးစိုး လာနေပါတော့တယ်။

ပြီးခဲ့တဲ့ လအတွင်း ဖြစ်ခဲ့တဲ့ အသက်ရှင်သန်ဖို့ လက်လျှော့တဲ့ ဖြစ်စဥ်တွေကို ပြုလုပ်ခဲ့သူတွေဟာ အသက် ၂၀ နှစ်အရွယ်ကနေ အသက် ၄၀ နှစ်အကြား လူငယ်တွေနဲ့ လူလတ်ပိုင်း ရောက်စ သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီဖြစ်စဥ်တွေ အကြောင်း ရေးသားဖော်ပြရာမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတဲ့အတွက် အကြောင်းအရာတွေကို တိုက်ရိုက် ရေးသားဖော်ပြ၍ မရတာကို အသိပေးအပ်ပါတယ်။

ဒီ့အပြင် အချို့သော စကားလုံးတွေကိုလည်း သွယ်ဝိုက်ပြီး အသုံးပြုထားရတာ ဖြစ်ပါတယ်။

ကိုယ့်ဘဝကိုယ် စွန့်လွှတ်ဖို့ ကြိုးစားတဲ့ ဖြစ်စဥ်တွေ အကြောင်း လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အခါမှာ အလားတူ ဖြစ်စဥ်တွေလည်း ဆက်တိုက်ဖြစ်လာတတ်တယ် ဆိုတာကို နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက တောင်ကိုရီးယား နာမည်ကျော် အနုပညာရှင်တွေ ဖြစ်တဲ့ ဆူလီ၊ သူငယ်ချင်း ဖြစ်သူ ဂိုဟာယာ၊ ရှင်နီးအဖွဲ့မှ ကင်ဂျုံဟွန်း စတဲ့ အနုပညာတွေ ဆက်တိုက် သူတို့ရဲ့ အသက်တွေကို သူတို့ကိုယ်တိုင် စွန့်လွှတ်တဲ့ ဖြစ်စဥ်တွေ ဖြစ်လာခဲ့အပြီး ကိုရီးယားက လူငယ်တွေအကြားမှ အလားတူ လိုက်လံ ပြုလုပ်တဲ့ ဖြစ်စဥ်တွေ ဆယ်ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။

ဒီဖြစ်စဥ်တွေ အကြောင်းကိုလည်း တောင်ကိုရီးယား မီဒီယာတွေက မည်သို့ မည်ပုံ ကျူးလွန်ကြောင်းပါ ရေးသားခဲ့တဲ့အတွက် ပုံစံတူ လိုက်လံပြုလုပ်လို့ သေဆုံးခဲ့တဲ့ ဆယ်ကျော်သက် အရွယ်တွေလည်း အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီလို ဖြစ်စဥ်တွေ အကြောင်းထက် ဖြစ်စဥ်တွေ ဖြစ်အပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုအချို့ ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီဖြစ်စဥ်တွေထဲမှာ ပြီးခဲ့တဲ့ လအတွင်း အစောဆုံး ဖြစ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ လကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဥ် နှစ်ခုက ဆင်တူတဲ့ ဖြစ်စဥ်တွေ အဖြစ် တွေ့ရပါတယ်။

တစ်ခုကတော့ မလေးရှားမှာ သြဂုတ် ၂ရက်က ဖြစ်ခဲ့တဲ့ အသက် ၃၈နှစ်အရွယ် ချင်းလူမျိုး ဖခင်နဲ့အတူ သူရဲ့ ကလေးနှစ်ဦးတို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်ပါ။

နောက်တစ်ခုကတော့ သြဂုတ် ၂၈ရက်က ဖြစ်ခဲ့တဲ့ နဝဒေးတံတားပေါ်က အသက် ၂၅နှစ်အရွယ် မိခင်နဲ့ သုံးနှစ်အရွယ် ကလေးငယ်တို့ရဲ့ ဖြစ်စဥ်ပါ။

ပထမဖြစ်စဥ်မှာဆိုရင် သေဆုံးခဲ့တဲ့ အသက် ၃၈နှစ်အရွယ် ချင်းလူမျိုး အမျိုးသားဟာဆိုရင် စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ဖြစ်လို့ နေအိမ်မှာပဲ သူ့ရဲ့ သားသမီးတွေကို ထိန်းကျောင်းရင်း နေထိုင် အလုပ်ကနေ နားထားရသူ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို နေထိုင်လာရင်း သြဂုတ် ၂ရက်မှာ သူအပါအဝင် သူ့ရဲ့ ၈နှစ်အရွယ် သမီးနှင့် ၆နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ရပြီး သုံးနှစ်အရွယ် သားငယ်ဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့လို့ အခုအချိန်ထိ ဒဏ်ရာတွေ အရှင်း မပျောက်သေးပါဘူး။

သေဆုံးသူတွေရဲ့ စျာပနမှာဆိုရင်လည်း ယူကျုံးမရ ဖြစ်နေတဲ့ မိသားစုဝင်တွေရဲ့ မျက်နှာကို သူတို့ရဲ့ ငိုကြွေးနေတဲ့ မျက်ဝန်းတွေ အောက်၌ အထင်းသား မြင်တွေ့ခဲ့ရပါတယ်။

ဒီမိသားစုမှာ သုံးနှစ်အရွယ် ကလေးငယ်ဟာ သူ့ဘဝတစ်လျှောက်လုံး ဒီအရိပ်မဲကြီးရဲ့ ခြောက်လှန့်မှု မည်မျှ ရှိနိုင်မလဲ ခန့်မှန်းလို့ မရနိုင်ပါဘူး။

ဒီလိုပါပဲ သြဂုတ် ၂၈ရက် က နဝဒေးတံတားပေါ်က ဖြစ်စဥ်မှာလည်း ပျောက်ဆုံးနေသူ သားအမိကို ခင်ပွန်းဖြစ်သူ အမျိုးသားက အခုထိတိုင် ရှာဖွေနေဆဲပါ။

ဒေသခံ ပရဟိတ အသင်းတွေထံက သိရမှုတွေအရ ဒီအမျိုးသားဟာ ရှာဖွေရေး ရေယာဥ်တွေ ပေါ်မှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ အပေါ် လက်လျှော့ခြင်း မရှိသေးပါဘူး။

ဒီဖြစ်စဥ်နှစ်ခုမှာ အရှုံးပေးဖို့ ကြိုးစားခဲ့သူတွေဟာ သူတို့စီမှာ အခက်အခဲတွေ ဘယ်လောက်များများ ရှိခဲ့လို့ အခုလို ပြုမူခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်သာ သိနိုင်မှာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ပညာအရတော့ ဒီလို ဖြစ်စဥ်တွေကို ပြုလုပ်သူတွေဟာ သေကြောင်းကြံစည်ဖို့ ကြိုးစားဖူးတဲ့ သူတွေ၊ ဆွေမျိုးတွေထဲမှာ အလားတူ ပြုလုပ်ဖူးသူတွေရှိနေသူတွေ၊ စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေ ၊ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ခံစားနေရတဲ့သူတွေ( ဥပမာ – ရည်းစားနဲ့ကွဲတာ၊ ကိုယ်ချစ်တဲ့သူသေဆုံးသွားတာမျိုး)၊

နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေ၊ အနှိပ်စက်ခံခဲ့ရဖူးတဲ့သူတွေ၊ စစ်ပွဲဒဏ်ခံစားခဲ့ရဖူးသူတွေ၊ Abuse လုပ်ခံရဖူးသူတွေ၊ နှိမ်ပြီး ခွဲခြားဆက်ဆံခံရသူတွေ၊ တစ်ယောက်ထဲ သီးခြားနေတတ်တဲ့သူတွေ၊ အရက်စွဲ၊ မူးယစ်ဆေးစွဲနေတဲ့သူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်စဥ်တွေ ပြုမူမယ့်သူတွေဟာ မပြုမူမှီမှာ ပြုလုပ်တတ်တဲ့ အရာတွေလည်း ရှိပါတယ်။

အဲ့ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Talk With Me မှ စိတ်ကျန်းမာရေးပညာရှင် တစ်ဦးက

” ပတ်၀န်းကျင်က လူတစ်ယောက်က သေမယ့်အကြောင်းကို ခဏခဏ ပြောနေတာတို့၊ ကိုယ့်ကိုယ် ထိခိုက်အောင် မကြာခဏ လုပ်နေတာတို့၊အနီးအနားမှာရှိတဲ့ လူတွေကို နှုတ်ဆက်စကားပြောနေတာတို့၊ သူနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်နေတာတို့၊ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အရာတွေ သိသိသာသာ လုပ်နေတာတို့၊ သေဆုံးခြင်းအကြောင်းခဏခဏ ပြောနေတာတို့ ၊တွေးနေတာတို့ စသဖြင့် ဒီအချက်တွေကို ကိုယ့်ပတ်၀န်းကျင်က လူတစ်ယောက်ဆီမှာ မြင်နေရပြီဆိုရင် ဒီလူက suicidal thoughts တွေရှိနေတယ်လို့ ကျွန်မတို့ သိနိုင်ပါတယ်။” လို့ ပြောပြပါတယ်။

မိမိပတ်ဝန်းကျင်မှာ ဒီလိုမျိုး အပြုအမူတွေ ပြုမူနေတဲ့ သူတွေ ရှိလာပြီဆိုရင် နွေးနွေးထွေးထွေး ဆက်ဆံဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီလို နွေးနွေးထွေးထွေး ဆက်ဆံပြီး အခက်အခဲတွေ၊ ရင်ဆိုင်ကြုံနေရတာတွေ အကြောင်း နားထောင်ပေးရင် သူတို့ရဲ့ ဘဝကို လက်လျှော့ဖို့ ကြိုးစားတာတွေကို လျှော့ချနိုင်လိမ့်လို့ ဆိုပါတယ်။

“ဒီအချိန်မှာ ဒါတွေကို ကျွန်မတို့ သတိထားမိပြီဆိုရင် သူ့ကို စကားသွားပြောတာမျိုး ပထမဆုံးလုပ်သင့်ပါတယ်။အဆင်ပြေနေရဲ့လား၊ဘာလေးတွေ စိုးရိမ်စရာရှိနေလဲ၊ဘယ်လိုအရာတွေ ရင်ဆိုင်နေရလဲ စသဖြင့် မေးကြည့်ပြီး စကားပြောသင့်ပါတယ်။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စိတ်ပညာကျွမ်းကျင်သူ တစ်ဦးကလည်း “ကိုယ့်ပတ်၀န်းကျင်တစ်ယောက်ယောက်က ကိုယ့်ဘဝကိုယ့် လက်လျှော့ဖို့ လုပ်နေတယ် ထင်ပြီဆိုရင် သူနဲ့ စကားပြောပါ။ ဒီအကြောင်းကို မေးမြန်းပြောဆိုတာက သူ့ကို လက်လျှော့အောင် တွန်းအားပေးရာ မရောက်ပဲ ကူညီရာရောက်တယ်ဆိုတာ မှတ်ထားပါ။” လို့ အကြံပေးထားပါတယ်။

ဒါ့အပြင် သူက ” လူတစ်ယောက်ဟာ အဲ့ဒီလို လုပ်မယ်လို့ လေးလေးနက်နက်ပြောလာရင် တကယ်လုပ်မှာလဲ မဟုတ်ပါဘူး။ အပိုတွေပါလို့ မတွေးပါနဲ့။အဲလိုပြောလာတာဟာ သူခံစားနေရတာတွေ အခက်အခဲတွေ ရင်ဖွင့်ချင်၊ စာနာနားလည်ပေးမှုလိုချင်တာ၊ အားပေးကူညီစေချင်တာတွေကြောင့် ပြောတာဖြစ်ပါတယ်။ကူညီဖေးမမဲ့သူ ဂရုစိုက်မဲ့သူမရှိတဲ့အခါမှာတော့ သေဆုံးခြင်းဟာ တစ်ခုထဲသောနည်းလမ်းပဲလို့ ယူဆပြီး ဒီနည်းကိုရွေးသွားကြတာ ဖြစ်ပါတယ်။” လို့လည်း ဆိုပါတယ်။

ဒီနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေက ထွက်ပေါက်တွေ အားလုံးပိတ်နေတယ်လို့ ထင်စရာ ရှိပါတယ်။

ဒါပေမယ့် သေသေချာချာ မြင်ကြည့်လိုက်ရင် ရှေ့မှာ ပိတ်နေတဲ့ အမှောင်ထုကို လူတန်းစားအားလုံးက ညီညီညွတ်ညွတ်နဲ့ ကြိုးစားတိုက်ထုတ်နေရတာကို မြင်တွေ့ရမှာပါ။

အမှောင်ထဲမှာ ခလုတ်ထိ ဆူးငြိတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကြိုးစားပြီး ပြန်ထလျှောက်ကာ ရောင်နီဆီကို ဦးတည်လျှောက်လှမ်းနေသူတွေ အများကြီးပါပဲ။

ရောင်နီလာဖို့ ကမ္ဘာကြီးက တစ်ပတ်လည်ပေးရပါတယ်။ မဖြစ်မနေကို လည်ပေးရတာပါ။ ဒီနိုင်ငံရဲ့ ရောင်နီလာဖို့လည်း စစ်အာဏာရှင်နဲ့ ဘယ်အာဏာရှင်စနစ်မဆို အဆုံးသတ်ရေး လူထုတော်လှန်ရေးကြီးက လည်ပတ်နေပါတယ်။

လူထုတော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုးစားဝင်ပါရင်း ရောင်နီလာဖို့အတွက် လောကကြီးကို အရှုံးမပေးခြင်း ဖြစ်သာ အောင်နိင်မှာ ဖြစ်တာကိုလည်း မြင်တွေ့နေရပါတယ်။

အရှုံးမပေးသရွေ့ မရှုံးနိမ့်ဘူးဆိုတာ စကားသက်သက် မဟုတ်ပါဘူး။ ဒါဟာ အမှန်တရား တစ်ခုပါ။ ဒါကြောင့်လည်း မည်သည့် အခက်အခဲ ဘဝတိုက်ပွဲတွေ ရှိလာပါစေ အရှုံးမပေးဖို့ လိုကြောင်း……..။

မောင်ဒဂုံ