ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ၃၆နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်

Published on Aug 24, 2022

🖋လင်းခိုင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၃၆နာရီအတွင်း မုန်တိုင်းငယ် အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီးနောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းကာ၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ပြောင်းလဲပြီးနောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ယနေ့မှသြဂုတ် ၂၀ရက်ထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုးသက်လေပြင်းကျစဥ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀အထိ တိုက်ခိုက်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် လှိင်းအမြင့်သည် ၉ ပေမှ ၁၃ ပေထိရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အပူချိန်တွေတော့ ကျသွားမယ်၊ ဒေသအချို့မှာ လေပြင်းတိုက်တာတွေရှိမယ်၊ စိုက်ဆင်းလေပြင်းကျနိုင်တာတွေ သတိထားရမယ်၊ မိုးကြီးလို ရေကြီးရေလျှံဖြစ်နိုင်မဲ့ နေရာတွေ သတိထားရမယ်၊ တောင်ကျချောင်းရေ ရုတ်တရက် ကျလာတတ်တဲ့ အန္တရာယ်ကိုလဲ သတိရှိကြဖို့ လိုပါမယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ထပ်မံဖြစ်ပေါ်ပါက ယခုလအတွင်း ဘင်္ဂလားပယ်အော်၌ မုန်တိုင်းဖြစ်ပွားမှုသုံးကြိမ်ရှိမည်ဖြစ်ပြီး ရှေ့နှစ်ကြိမ်ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်များသည် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခဲ့သည်။

ယခုရက်ပိုင်းတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရှိ မြိုနယ် ငါးမြိုနယ်နှင့် ပဲခူးတိုင်းအတွင်းရှိ မြိုနယ်အချိုတွင် ရေကြီးရေလျှံမှုဖြစ် ပေါ် နေပြီး ထပ်မံမိုးများနိုင်သည့်အခြေအနေများရှိသဖြင့် ရေဘေးအန္တရာယ်ကို ပြည်သူများသတိပြုသင့်သေးသည်ဟု မိုးဇလမှ သတိပေးထားသည်။