ပြည်သူစစ်ဖွဲ့ရန် စာတင်ခဲ့သူ ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး အပစ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 15, 2022

ပြည်သူ့စစ်ဖွဲ့ရန် စာတင်ခဲ့သူ ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ယမန်နေ့ ညရှစ်နာရီက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာ အုပ်ချုပ်ရေးမှူးကို ယမန်နေ့ည ရှစ်နာရီက နေအိမ်ရှေ့မှာ အမည်မသိအမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။

“အိမ်ရှေမှာ ထိုင်နေတုန်း ကားနဲ့လာပစ်သွားတာ ပွဲချင်းပြီးသေသွားတယ် ပြီးတော့ စစ်တပ်က ရောက်ပြီးစစ်တယ်”ဟု ပြောသည်။

သေဆုံးသူမှာ တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးအောင်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာငါးချက်ဖြင့် သေဆုံးခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူကပြည်သူ့စစ်ဖွဲ့မယ် PDF ကို ပြန်ချမယ်ဆိုပြီး လုပ်နေတာ စစ်တပ်ကိုလည်း သတင်းပေးနေတော့ ပိုဆိုးတာပေါ့
“ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်တွေက ကျေးရွာကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု ကျေးရွာနေသူများထံမှ သိရသည်။

တွံတေးမြို့နယ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက် ညနေပိုင်းကလည်း ထွေအုပ်ရုံးကနေ ပြန်လာသည့် ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၊ဆယ်အိမ်မှူးငါးဦးနှင့် ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။