ပဲခူးတွင် ရေဆက်ကြီးနေပြီး အမျိုးသမီးကြီးတစ်ဦးသေဆုံး၊ ပျောက်ဆုံးသူများလည်းရှိနေဟုဆို

Author လင်းနွေဦး
Categories
Published on Oct 10, 2023

သမိုင်းတစ်လျောက်အဆိုးရွားဆုံးရေကြီးမှုဒဏ်ကို ပဲခူးမြို့သူ/သားများ ဆက်လက်ရင်ဆိုင်နေရပြီး လူ ၁၅,၀၀၀ ဝန်းကျင် ရေဘေးဒုက္ခရင်ဆိုင်နေရကြောင်း ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့များထံမှ သိရသည်။
လတ်တလော အသက် ၆၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများက ပြောသည်။
” မြေပြင်မှာပေါ့ အဖွဲ့ပေါင်းစုံ ကူညီနေကြတယ်ပေါ့နော်။ ကျွန်တော့်ကို မနေ့ကသတင်းပေးပို့မှုအရတော့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားတယ်သိရတယ်ဗျ။ ပျောက်ဆုံးသူတွေရှိနေတယ်လို့လည်းသိရတယ်” ဟု ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူမှုကွန်ရက်တွင်လည်း အခြားသောသေဆုံးသူနှင့်ပျောက်ဆုံးသူများရှိနေသည်ဟု ပြောဆိုရေးသားမှုများ ရှိနေသော်လည်း မြေပြင်အခက်အခဲကြောင့် အတည်ပြုရန် မလွယ်ကူသေးကြောင်း မြေပြင်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ထိုသို့ရေကြီးမှုကြောင့် ပဲခူးမြို့နေရာအချို့တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းပြတ်တောက်မှုအချို့ဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။
“အိမ်နှစ်လုံးမှာ တစ်လုံးဘက်က ရေသိပ်မတက်ဘူး။ တစ်အိမ်ဘက်ကတော့ ရင်ခေါင်းလောက်အထိကိုတက်တယ်” ဟု ပဲခူးမြို့ပေါ်တွင်နေ‌ထိုင်သူတစ်ဦးက ပြောသည်။
လူသေဆုံးမှုရှိ၊ မရှိနှင့်ပတ်သက်၍ ၎င်းက ” လူသေဆုံးမှုတော့ရှိမှာပဲ။ ရေက အရမ်းတက်သွားတာကို။ အနိမ့်ပိုင်းက‌လူတွေအတွက် တော်တော်ထိမယ်။ မနေ့က လူငယ်နှစ်ယောက်သေတယ်လို့ကြားတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ရတ်သတ္တပတ်အတွင်း အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်၍ မြစ်ရေမြင့်တက်လာပြီး လူနေအိမ်ခြေများအတွင်းသို့ ရေများ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရေမျက်နှာပြင် အဆမတန်မြင့်မားမှုကြောင့် ဆည်များ ပြိုကျမည့်ရန်ကိုကာကွယ်ရန် ရေလွှဲပေါက်များမှ လွှတ်ထုတ်မှုကြောင့် ယခင်က ရေမရောက်ရှိဖူးသော အမြင့်ပိုင်း ရပ်ကွက်များဖြစ်သည့် မှော်ကန်၊ ဆိုရှယ်လစ်၊ပုဏ္ဏားစု၊ ကျွန်းသာယာ၊ ဖောင်တော်ဦ ရပ်ကွက်များအထိ ပါ ရေဖုံးလွှမ်းမှုခံစားရခြင်းဖြစ်သည်ဟု ‌ပဲခူးဒေသခံများက ဆိုသည်။
ယခုကဲ့သို့ ဆည်များမှ ရေလွှဲမထုတ်ပါက ဆည်ကျိုးပေါက်ခြင်းကြောင့် ယခုအခြေအနေထက် များစွာဆိုးရွားမည့် အနေအထားသို့ရောက်ရှိကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများပင် မလုပ်ဆောင်နိုင်အောင်အထိဖြစ်ပွားနိုင်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။
ယနေ့ အောက်တိုဘာ ၁၀ ရက် မြေပြင်အခြေအနေတွင် ပဲခူး၏ အမြင့်ဆုံးနေရာဖြစ်သော ဟင်္သာကုန်းတဝိုက်မှလွဲ၍ ကျန်နေရာတော်တော်များများ ရေနစ်မြုပ်နေပြီး မြို့လည်ခေါင်ရှိ အထင်ကရလိပ်ပြာကန်နှင့် နာရီစင်အောက်ခြေ အထိပါ ရေနစ်မြုပ်နေကြောင်း သိရသည်။
လတ်တလော ကူညီကယ်ဆယ်ရေးစခန်း ၃၀ ဝန်းကျင် ခန့်ဖွင့်လှစ်ထားပြီး ကျန်ရှိနေသော နေအိမ်များမှ ပိတ်မိနေသူများကို ကယ်ထုတ်ခြင်း၊ ထမင်းထုပ်ဝေခြင်း၊ သောက်ရေသန့်များ လိုက်လံပို့ဆောင်် ပေးခြင်းတို့ကို ပရဟိတအဖွဲ့များ ပူးပါင်းလုပ်ဆောင်နေသော်လည်း နေရာအချို့ ကျန်ရှိနေသေးသည်ဟု မြေပြင်အဖွဲ့များထံမှ သိရသည်။
“ကူညီကယ်ဆယ်မှုတွေ၊ အစားအသောက်ဝေငှတာတွေ တော့ တောက်လျှောက်ပြုလုပ်နေပါတယ်။ တခြားသော အနယ်နယ် အရပ်ရပ်က ပရဟိတညီအကိုမောင်နှမများကလည်း လာရောက်ဝန်းရံပေးကြတယ် ” ဟု မေတ္တာရွှေစင် ပရဟိတကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။
မူလက နောက်ထပ် ၃ ရက်ခန့်အကြာတွင် ရေကျမည်ဟု ခန့်မှန်းထားသော်လည်း မိုးရေချိန်ဆက်လက်မြင့်မားမှုနှင့်အတူ ဆည်များမှ ဆက်လက်ရေလွှဲမှုတို့ကြောင့် ရက် အနည်းငယ် ထပ်မံကြာမြင့်နိုင်သည်ဟု မြေပြင်အဖွဲ့များမှ တစ်ညီတစ်ညွှတ်တည်း ခန့်မှန်းပြောဆိုသည်။
မိုးဇလ ထုတ်ပြန်သည့် ယမန်နေ့စာရင်းအရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ ၁၀၀၄ စင်တီမီတာအထိ ရောက်ရှိနေပြီး ယခုအခါ ရေမျက်နှာပြင်မှာ ၃ လက်မခန့် လျော့ကျသွားကြောင်း ဟံသာဝတီ(မွန်)လူမှုကူညီမှုအသင်းက ဆိုသည်။
ပဲခူးရေဘေးသင့်ပြည်သူများအတွက် ပါဝင်ကူညီလှူဒါန်းလိုပါက ဟံသာဝတီ(မွန်)လူမှုကူညီရေးအဖွဲ့ ဖုန်း ၀၉-၇၈၂၄၄၄၄၂၅ နှင့် မေတ္တာရွှေစင် လူမှုကူညီရေးအဖွဲ့ ၀၉-၆၈၄၁၆၄၀၈၈ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။