ပေါက်တောမှာ အသက်ကိုးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ရခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ရွာမှာ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) နဲ့နီးစပ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်ဟာ ဟင်းခရော်ရွာ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံမှာ ထီးမေ့ကျန်ခဲ့လို့ ပြန်လည်သွားယူချိန် ဓမ္မာရုံထဲမှာရှိနေတဲ့ စစ်ဘေးရှောင်ဘုန်းကြီးက အဓမ္မဆွဲခေါ် မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဆိုပါတယ်။
ကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၆၉ နှစ်အရွယ် စစ်ဘေးရှောင်ဘုန်းကြီး ဦးစန္ဒိမာ (ခ) စိန်လှထွန်းဖြစ်ပြီး စစ်တွေမြို့ကနေ စစ်ရှောင်လာသူတစ်ဦးဖြစ်ကာ ဟင်းခရော်ရွာဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေတာလည်း ဖြစ်ပါတယ်။
ကျူးလွန်ခံရသူ မိန်းကလေးငယ်က မိခင်ဖြစ်သူကို ပြန်လည်တိုင်တန်းခဲ့တာကြောင့် ဇူလိုင် ၂၉ ရက်မှာ သက်ဆိုင်ရာ DLEPS ဌာနကို မိခင်ဖြစ်သူက သွားရောက်တိုင်ကြားခဲ့ပြီး DLEPS က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ကနဦး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် သက်ဆိုင်ရာမြို့နယ် သံဃာ့နာယကအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ပြီးနောက် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူလို့စွပ်စွဲခံရသူကို DLEPS က ဖမ်းဆီးခဲ့ကာ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – APM