ပူတင်ရဲ့ “လက်ဆောင်” နောက်ကွယ်

Author လင်းနွေဦး
Categories
Published on Sep 18, 2023

ရုရှား သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ရုရှားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီမှာ ပြုံးပျော်နေကြတဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ ကမ္ဘာ့သတင်းမီဒီယာအနှံ့မှာ အသုံးတော်ခံခဲ့ကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ အထူးရထားနဲ့ မိုင်ပေါင်းများစွာဖြတ်ကျော်ပြီး ရုရှားသမ္မတ ပူတင်ဆီကို အရောက်လာခဲ့တာကို နိုင်ငံတကာအသိုင်းအဝိုင်းက မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြတာပါ။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနဲ့ တောင်ကိုရီးယားတို့ပင်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးကတော့ ရုရှား-မြောက်ကိုရီးယားတွေ့ဆုံမှုကို အခုလို မှတ်ချက်ပေးပါတယ်။

“အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းကာ ဖြစ်ပေါ်လာမယ့် မြောက်ပိုင်းရဲ့ နျူလက်နက် ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ အားထုတ်ပါမယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ အစိုးရစနစ်တွေကို အဆုံးသတ်စေမယ့် တိုက်ခိုက်မှုမျိုးဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

သူဟာ ကုလသမဂ္ဂအထွေထွညီလာခံမှာ အခုလိုထည့်သွင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ပူတင်နဲ့ ကင်မ်တို့တွေ့ဆုံခဲ့ချိန် ရုရှားရဲ့ အာကာသလွှတ်တင်ရေးဋ္ဌာန Vostochny Cosmodrome ကို သွားကြည့်ခဲ့တဲ့နေရာမှာ သတင်းထောက်တွေက ” ရုရှားအနေနဲ့ မြောက်ကိုရီးယားရဲ့ အာကာသယာဉ်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကူညီ‌ပေးမလား” လို့ မေးတာကို ရုရှားသမ္မတက “ကူညီပေးမယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီလိုပဲ မြောက်ကိုရီးယားခေါင်းဆောင်ကလည်း ရုရှား- ယူကရိန်းစစ်ပွဲမှာ ရုရှားကို အပြည့်အဝ ထောက်ခံသွားမယ်လို့ ပြန်ပြောခဲ့ပါတယ်။

အဲဒီနောက် ကင်မ်ဟာ စက်တင်ဘာ ၁၇ ရက်က မြောက်ကိုရီးယားကို ပြန်သွားခဲ့ပါတယ်။

သူ့ရဲ့ အိမ်ပြန်ခရီးက လက်ဗလာတော့မဟုတ်ပေ။

လက်ဆောင်အဖြစ် ရုရှားနိုင်ငံရဲ့ အကောင်းဆုံး ရိုင်ဖယ် သေနတ်တစ်လက်နဲ့အတူ တိုက်ခိုက်ရေးသုံး ဒရုန်း‌တွေ၊ လက်ရှိ ယူကရိန်းစစ်ပွဲမှာသုံးနေတဲ့ ရန်သူကို ကင်းထောက်လှမ်းရေးသုံးတဲ့(Geranium-25) ဒရုန်း၊ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးမှပေးအပ်တဲ့ သားမွေးဦးထုပ်တစ်လုံး တို့နဲ့အတူ အာကာသထဲမှာ ဝတ်ဆင်ဖူးခဲ့တဲ့ အာကာသဝတ်စုံမှ လက်အိတ်တစ်ခု တို့ကိုပေးလိုက်တယ်လို့ ရုရှားသတင်းအေဂျင်စီ TASS ရဲ့သတင်းအရ သိရပါတယ်။

ဒီလက်ဆောင်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေနိုင်ပါသလဲ။ ရုရှား-ယူကရိန်း စစ်ပွဲမှာ မြောက်ကိုရီးယားက အမေရိကအပါအဝင် အနောက်အုပ်စုတွေနဲ့ ဆန့်ကျင်ပြီး သူနဲ့ပဏာအသင့်ဆုံးမိတ်ဆွေဘက်က ဝင်လာ‌တော့မလား။

အခုတွေ့ဆုံမှုကနေ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ကြားမှာ ဘယ်လိုသဘောတူညီချက်တွေပြု လုပ်ခဲ့တယ်ဆိုတာကို အသေးစိတ်မသိရှိရပေမယ့် အခုလို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လက်ဆောင်ပေးလိုက်တာဟာ “ဟန်ပြ” ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ စစ်ရေးနဲ့ နိုင်ငံရေး သုံးသပ်သူတွေက ဝေဖန်သုံးသပ်ကြပါတယ်။

အကြောင်းအရင်းကတော့ လက်ရှိ ယူကရိန်းကျူးကျော်စစ်မှာ အထိနာနေတဲ့ ရုရှားအနေနဲ့ အမေရိကန်အပါအဝင် ကုလသမဂ္ဂ နိုင်ငံများမှ ပိတ်ဆို့တင်းကြပ်နေမှုကြောင့် ငွေကြေးနဲ့ စစ်လက်နက်ပြဿနာတွေ ကြုံတွေ့နေရတာကြောင့် အိမ်နီးချင်းနိုင်ငံတစ်ခုလည်းဖြစ်၊ နိုင်ငံရေးသဘောထားတူ မြောက်ကိုရီးယားကို ထွက်ပေါက်အဖြစ်အသုံးချကာ “လက်ဆောင်ပေးသည်” ဆိုတဲ့ ခေါင်းစဉ်တပ်ခဲ့တာလို့သုံးသပ်ကြပါတယ်။

ဒီလို စစ်ဘက်သုံး လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် “နမူနာ” ပေးအပ်မှုမျိုး ဖြစ်နိုင်တယ် ” လို့လည်း နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ရုရှားရဲ့လက်ဆောင်တွေကို သူတို့ရဲ့ တန်ဖိုးထားရာ ပြတိုက်ထဲမှာ သိမ်းဆည်ထားလိုက်ပြီဖြစ်ပါတယ်။

ပူတင်ရဲ့လက်ဆောင်ပစ္စည်းတွေကို မြောက်ကိုရီးယား မြို့တော် ပြုံယမ်းနဲ့ ၉၉ မိုင်အကွာမှာရှိတဲ့ “မြိုဟမ်ဂဆမ်”တောင်ကြားမှာ တည်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးပြခန်းမှာ ထားရှိမှာဖြစ်တဲ့အကြောင်းမြောက်ကိုရီးယားပြည်တွင်းမီဒီယာတွေကတစ်ဆင့်ဖော်ပြကြပါတယ်။

ဒီပြခန်းမှာ အရင်မြောက်ကိုရီးယား ခေါင်းဆောင်တွေဖြစ်တဲ့ လက်ရှိခေါင်းဆောင် “ကင်မ်” ရဲ့အဖေ “ကင်မ်ဂျုံအီ”နဲ့ အဖိုးဖြစ်သူ “ကင်မ်အီဆမ်း”တို့ လက်ထက်ကတည်းကရရှိထားတဲ့ နိုင်ငံတကာလက်ဆောင်တွေကို ပြသထားတာဖြစ်ပါတယ်။

ပြခန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြီးတော့ ပစ္စည်းအမျိုးအစား တစ်သိန်းသောင်း ငါးထောင်ကျော်အထိ ပြသထားတယ် လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အခုလို ပူတင်ရဲ့ စစ်လက်နက်ပစ္စည်း လက်ဆောင်တွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေပါသလဲ။

နိုင်ငံတကာက စစ်ရေး-နိုင်ငံရေး ကျွမ်းကျင်သူတွေပြောသလို “စစ်လက်နက်ပစ္စည်းထုတ်ဖို့ နမူနာတွေလော။”

ဒါမှမဟုတ် “ဟန်ပြ” သက်သက်ပဲလော။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ပြောသလို “ရုရှား- ယူကရိန်းစစ်ပွဲမှာ ရုရှားကို အပြည့်အဝထောက်ခံသွားမယ်” ဆိုတဲ့စကားကရော ဘယ်လိုအဓိပ္ပာယ်တွေဆောင်နေပါသလဲ။

ရုရှား-မြောက်ကိုရီးယား ပူးပေါင်းစစ်ပွဲတွေ ဆင်နွှဲလာတော့မလား။

လားပေါင်းများစွာနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ခေါင်းခြောက်စေသလို လူတိုင်းကလည်း ပူတင်နဲ့ ကင်မ်တို့ ‌တွေ့ဆုံမှုရဲ့ နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်လို့နေကြပါတယ်။

မြောက်ကိုရီးယားရဲ့ရန်ဘက် တောင်ကိုရီးယားသမ္မတကတော့….

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယခုထက်ပိုပြီးစည်းရုံးလာလိမ့်လို့ ယုံကြည်ပါတယ်။ မြောက်ပိုင်းနဲ့ ရုရှားခေါင်းဆောင်နှစ်ယောက် စစ်ရေးပူးပေါင်းမှုဟာ တရားမဝင်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကို ထိပါးတယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။

ဓာတ်ပုံ -Reuters