ပုံမှန်မလာသည့် လျှပ်စစ်မီးကို ချွေတာသုံးစွဲရန် အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

Author ကိုပေါက်
Categories
Published on Nov 25, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေ့စဉ် မီးလာချိန် ပျှမ်းမျှ ၄နာရီခန့်သာ ရှိသော်လည်း လျှပ်စစ်မီးကို ချွေတာသုံးစွဲရန် အာဏာသိမ်း စစ်ခေါင်းဆောင်က ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့်
လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောသည်။

ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်ပြောဆိုပြီး လိုအပ်ပါက နည်းပညာများကို လျှပ်စစ်ဝန်ကြီးဌာနတွင်တောင်းခံနိူင်သည်ဟု ပြောဆိုကြောင်း လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“ဒီလောက် ၂၄ နာရီမှာ ၁၀ နာရီတောင် အပြည့်မလာတဲ့မီးကို ဘယ်လိုလုပ်ချွေတာသုံးစွဲရမှာလဲ ချွေတာစရာကိုမလိုတာ “ဟု ပြောသည်။

အစည်းအဝေး တက်ရောက်လာသည့် လုပ်ငန်းရှင်အချို့မှ လျှပ်စစ်မီး အချိန်ပိုင်းသာရရှိသည့်ကိစွနှင့် ပတ်သက်၍ တင်ပြကြသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်မှ လက်ခံခြင်းမရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အရှေနဲ့အနောက် စကားကမညီဘူး ပြီးခဲ့တဲ့အပတ်က အစည်းအဝေးမှာ မီးအချိန်ပိုင်းနဲ့ပေးတဲ့ကိစွကို လုပ်ငန်းရှင်တွေကို သည်းခံပြီးစောင့်ပါလို့ပြောတာ အခုကျတော့ တမျိုး”ဟု ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် လုပ်ငန်းရှင်များ အစည်းအဝေးပြီးနောက်ပိုင်း အစည်းအဝေး ခန်းမတွင် မီးပျက်သွားသည့်အတွက် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ ထုချေလွှာပေးရသည်ဟု
ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #လျှပ်စစ်မီး