ပုဂ္ဂလိက CDM ဘဏ်၀န်ထမ်းများအား အစိုးရ CDM များ နည်းတူ အခွင့်အလမ်းများ ရရှိရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်သွားမည်ဟု MBUF ဆို

Author မွန်လေး
Categories
Published on Feb 03, 2023

 

ပုဂ္ဂလိက CDM ဘဏ်၀န်ထမ်းများအား အစိုးရ CDM များနည်းတူ အခွင့်အလမ်းများ ရရှိစေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း Myanmar Bankers Union Federation က ယနေ့ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ဘဏ်၀န်ထမ်းများ၏ CDM လှုပ်ရှားမှု၊ ဆန္ဒပြ သပိတ်လှုပ်ရှားမှုများအား သမဂ္ဂမှ ဦးဆောင် လှုပ်ရှားနိုင်ခဲ့ကြောင်း၊ MBUF သည် CDM ဘဏ်၀န်ထမ်းများနှင့် ရပ်တည်ဆဲဖြစ်ပြီး၊ စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သော ဘဏ်စနစ်၊ ဗဟိုဘဏ်၊ အစိုးရ၊ ပုဂ္ဂလိကဘဏ်များ ရပ်တန့်သွားနိုင်အောင် လှုပ်ရှားနိုင်ခဲ့မှုများသည် လက်ရှိကာလအထိ ဆက်လက် တည်ရှိနေဆဲဖြစ်ကာ ထိုကာလတွင် CDM ဘဏ်၀န်ထမ်းများ၏ ပြတ်သားသော စိတ်ဓာတ်များကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် CDM ဘဏ်၀န်ထမ်းများ၏ ဆုံးရှုံးနစ်နာခဲ့မှု၊ ပေးဆပ်ခဲ့မှုများကို အစိုးရ CDM ဘဏ်၀န်ထမ်းများ နည်းတူ အခွင့်အလမ်းများ ရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သမဂ္ဂကနေပြီးတော့ အခုလိုတွေ လုပ်ပေးမယ်ဆိုတာကို ကြိုဆိုတယ်။ ကျွန်မတို့ ပုဂ္ဂလိက ဘဏ်၀န်ထမ်း CDM တွေက အခုဆိုရင် ဘယ်အလုပ်မှာမှ တော်ရုံ၀င်လုပ်ဖို့မလွယ်ဘူး။ CV ဖောင်မှာ ဘဏ်၀န်ထမ်းလုပ်ဖူးတယ်ဆိုတာနဲ့ ကုမ္ပဏီတွေက ဘာကြောင့်အလုပ်ထွက်လာလဲဆိုပြီးရစ်ခံရတယ်။ ကျွန်မတို့မှာလဲအခက်အခဲတွေရှိတယ်” ဟု CDM ဘဏ်၀န်ထမ်းတစ်ဦးက CJ Platform သို့ပြောကြားသည်။

ထို့ပြင် တော်လှန်ရေးပြီးဆုံးသည့်အခါတွင်လည်း နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၏ မိသားစု၀င်များ၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ စနစ်ပြည့်၀သည့် ဘဏ်လောက ဘဏ်လုပ်ငန်းတွင် လုပ်ကိုင်လိုသော မိသားစု၀င် သား၊ သမီးများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဘဏ်၀န်ထမ်းသမဂ္ဂအဖွဲ့ချုပ် (Myanmar Bankers Union Federation) သည် စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် သမဂ္ဂအဖြစ်ဖွဲ့စည်းခဲ့သည်မှာ ၂ နှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CDM #ဘဏ်ဝန်ထမ်း