ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားမှု မပြုလုပ်ရန် စစ်ကောင်စီညွှန်ကြား

Author လင်းခိုင်
Categories
Published on Mar 01, 2023

 

ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားမှု မပြုလုပ်ရန် စစ်ကောင်စီ၏ အမိန့်ညွှန်ကြားစာတစ်ရပ် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါ ညွှန်ကြားစာတွင် စစ်ကောင်စီ၏ ဇန်နဝါရီ ၆ ရက် တွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အကြောင်းကြားလာသည်ဟု ဆိုထားပြီး၊ ပုဂ္ဂလိက ပညာရေးဥပဒေကို ထုတ်ပြန်ရေးဆွဲပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားမှုများနှင့် အခြားမလိုအပ်သည့် သင်ကြားမှုကို ထိရောက်သော ဥပဒေပုဒ်မများဖြင့် ဟန့်တားအရေးယူ ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၁၇ ရက် ရက်စွဲဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

“ဒီတိုင်းပြည်မှာ စားဝတ်နေရေး မပူမပင်နဲ့ ငွေကြေးချောင်လည်ခဲ့ရင်တောင်မှ ကိုယ်မွေးထားတဲ့ သားသမီးဟာ လူရာ၊ သူရာ မှီမှီ တွေးခေါ်နိုင်ဖို့ အခြေခံ အလေ့အကျင့်လေးတောင် သင်ကြားခံရတော့မှာမဟုတ်ဘူး” ဟု အသက် ၃၀ အရွယ်၊ ကလေးမိဘတစ်ဦးက CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားလျက်ရှိသဖြင့် ပညာရေးဝန်ကြီးဌာနမှ Focal အဖြစ် တာဝန်ယူပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သော စည်းမျဉ်း၊ စည်းကမ်းများနှင့် ဥပဒေကို ရေးဆွဲထုတ်ပြန်ရမည်ဟု ဆိုထားသည်။

ထို့ကြောင့် ခရိုင်၊ မြို့နယ် ပညာရေးမှူးများအနေဖြင့် စစ်ကောင်စီ၏ အစည်းအဝေးတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်ရမည်ဟု အတင်းအဓ္ဓမ ဖိအားပေးထားသည်။

#CjPlatform #ပုဂ္ဂလိကကျောင်း #ဒီမိုကရေစီယာဉ်ကျေးမှု