ပလောင်ဒေသတွင်း စစ်ကောင်စီ ညမထွက်ရအမိန့်ကြေညာပြီးနောက် ကန့်သတ်ချက်များရုပ်သိမ်းပြီဟု PSLF/TNLA တန်ပြန်ကြေညာ

Published on Mar 06, 2024

စစ်ကောင်စီအကြီးအကျယ်အထိနာခဲ့သော ရှမ်းပြည်(မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေးအတွင်း ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ထားချက်များအားလုံးကို တအောင်းတပ် TNLA သိမ်းထားသည့် မြို့ခုနစ်ခုတွင် ယနေ့ မတ်လ ၆ ရက်နေ့မှစတင်၍ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က ထုတ်ပြန်ကြေညာသည်။

 

စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့တွင် ပလောင်ဒေသတွင်းရှိ မြို့နယ်အချို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် TNLA ဘက်က ယခုကဲ့သို့ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

 

TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ် မြို့ ၇ မြို့တွင် ထုတ်ပြန်ထားသော ည ၉ နာရီမှ နံနက် ၆ နာရီအထိနှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရအမိန့်များကိုရုပ်သိမ်းပြီဟု ကြေညာချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။ ‘ပလောင်ဒေသအတွင်း စီမံအုပ်ချုပ်သည့်လုပ်ငန်းများ တိုးတက်လာသည့်အတွက်’ ဟု ကန့်သတ်မိန့်များရုပ်သိမ်းရခြင်းအပေါ် PSLF/TNLA က အကြောင်းပြသည်။

 

ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က ဟိုင်ဂင်သဘောတူညီချက်ဟူ၍ တရုတ်ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်(မြောက်ပိုင်း)တွင် စစ်ကောင်စီ၊ တအောင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

 

တအောင်းတပ် TNLA အနေဖြင့် ပလောင်ဒေသ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သည်။

 

TNLA သည် စစ်ကောင်စီက တစ်နိုင်ငံလုံး စစ်မှုမထမ်းမနေရဥပဒေမထုတ်ပြန်မီ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပလောင်ဒေသအတွင်း စစ်မှုမထမ်းမနေရဥပဒေကို ထုတ်ပြန်ခဲ့သည်။

 

ထိုဥပဒေအရ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တအောင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအောင်းမိသားစုတစ်စုလျှင် အမျိုးသားတစ်ဦး မဖြစ်မနေ ဝင်ရောက်ရမည်ဟုဆိုထားသော်လည်း သာသနာ့ဘောင်ဝင်ထားသူ၊ ကျန်းမာရေးမကောင်းသူ၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ရှိသူများကို ကင်းလွတ်ခွင့်ပေးထားသည့်အပြင် ထပ်မံ၍ ကင်းလွတ်ခွင့်အချို့ပေးထားသေးသည်။

Related News

Depend on news