ပန်းရံကျေးရွာတွင် စစ်မှုထမ်းရန် ဖိအားပေးလုပ်ဆောင်နေသော ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ

Author မင်းထက်
Categories
Published on Apr 04, 2024

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် ပန်းရံကျေးရွာရှိ ပြည်သူများကို ဖိအားပေး စစ်မှုထမ်းစေသော ပျူအုပ်စုကင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ ဧပြီ ၃ရက် ည  ၉နာရီခွဲဝန်းကျင်ခန့်က ဒရုန်းဖြင့်  ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း Shwebo Crocodile တာ၀န်ရှိသူတစ်ဦးက ‌ပြောသည်။

 

ပန်းရံကျေးရွာ ပျူစောထီးခေါင်းဆောင် ကိုအောင်ကျော်နှင့် အဖွဲ့ဝင်များသည် ကျေးရွာနေပြည်သူများကို လက်နက်ငယ်များဖြင့် နေ့စဉ်နီးပါး ပစ်ဖောက်ခြိမ်းခြောက်ဖိအားပေး အနိုင်ကျင့်ခြင်း၊ မတရားငွေတောင်းခံခြင်းများ လုပ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ တာ၀န်ရှိသူက ပြောသည်။

 

“ထိခိုက်သေဆုံးကတော့ စုံစမ်းဆဲဗျ။ စစ်မှုထမ်းဖို့ဆိုပြီး အတင်းဖိအားပေးတယ်။ တပ်သားသစ်စုဆောင်းပြီး မြို့ပေါ်ကိုပို့တယ်။ မတရားဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်နေလို့ အခုလိုဆောင်ရွက် တာဖြစ်ပါတယ်” ဟု Shwebo Crocodile တာ၀န်ရှိသူတစ်ဦးက ‌ပြောသည်။

 

ယင်းလုပ်ဆောင်မူကို Shwebo Crocodile  ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ တန(၂) ပကဖ ဗိုလ်သူရိန် အဖွဲ့ ၊SBFA- shwebo Federal Army ၊ဗိုလ်မဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဒေါင်းစစ်သည် အဖွဲ့၊ EYE Force EYE ၊ စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့ ၊ HG FIGHTRs(LPDF) ရွှေဘိုအားမာန် ၊သိခ်အားမာန် ၊ Yaung NI (LPDF)မဟူရာ ရွှေဘိုသားအဖွဲ့၊ BO BA TAW (LPDF) ၊‌ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဂျိုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သော Drone Force Ayadow Rocket(LPDF) တန(၅) ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဗိုလ်လင်းရောင်(ဒပယ) ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်စုညီအစ်ကိုများက ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တော်လှန်ရေး ပူးပေါင်းအဖွဲများတိုက်ခိုက်မှုအပေါ်  ပျူကျေးရွာဘက်မှ ၆၀မမ လက်နက်တစ်လုံး ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၂ရက်ကလည်း အထက်ပါ ပျုစောထီးအဖွဲ့က ရွှေဘိုမြို့ လေ့ကျင့်ရေး(၈) စစ်တပ်အတွင်းသို့  ဒေသခံပြည်သူ ၁၂ ဦးကို တပ်သားအဖြစ်စုဆောင်းကာ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

 

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထောက်ခံသည့် ပျူ(ပြည်သူ့စစ်)ကျေးရွာများတွင် ဒေသခံပြည်သူများအား စစ်ကောင်စီထောက်ခံသူများမှ ဖိအားပေးနှိပ်စက်နေမှုများကြောင့် ပြည်သူ တစ်ထောင်ကျော်မှာ ပျူစောထီးများနှင့် ယှဉ်တွဲမနေထိုင်သလိုဖြင့် နီးစပ်ရာ တောတောင်များအတွင်းတွင် တိမ်းရှောင်နေရကြောင်း သိရသည်ဒ

 

ဓာတ်ပုံ – Shwebo Crocodile