ပန်းတနော်တွင် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးမှ Non CDM အားကာမှူးကို ဒူးထောက်ခိုင်းပြီး ပါးရိုက်

Author လဂွန်းအိမ်
Categories
Published on Dec 25, 2023

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီ ဗိုလ်မှူးမှ မြို့နယ် အား/ကာမှူးအား နေအိမ်းလိုင်းခန်းရှေ့တွင် ဒူးထောက်ခိုင်းကာ ပါးရိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

 

အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက်ဆိုင်ပိုင်ရှင်နှင့် မြို့နယ် အား/ကာမှူး (အားကစားနှင့် ကာယပညာဦးစီးဌာနမှူး) တို့ လောင်းကစားကိစ္စဖြင့် စကားများခဲ့ကြပြီး စားသောက်ဆိုင်ပိုင်ရှင်မှ ဗိုလ်မှူးအား တိုင်လှမ်းတိုင်ခဲ့သဖြင့် ဗိုလ်မှူးဆိုသူမှ ရောက်လာခဲ့ကြောင်း မေးမြန်းနေစဉ် ဘာပြသနာမှမဖြစ်ဟုဆိုကာ အား/ကာမှူး မှ ပြန်သွားခဲ့ကြောင်း၊ ထိုသို့ပြန်သွားပြီးနောက် ဆိုင်ပိုင်ရှင်မှ ဗိုလ်မှူးဆိုသူအား ထပ်မံတိုင်ကြားခဲ့ခြင်းကြောင့် ဗိုလ်မှူးဆိုသူမှ အား/ကာ လိုင်ခန်းအား သွားရောက်ကာ အား/ကာမှူး၏ အိမ်ရှေ့တွင်ပင် ဒူးထောက်ခိုင်းကာ ပါးရိုက် ထိုးကျိတ်ခဲ့ခြင်း ဖြစ်သည်။

 

” သူတို့တွေကမူးနေကြတာလေ မူးမူးနဲ့ဖြစ်ကြတာ အား/ကာမှူးကို ဒူးထောက်ခိုင်းပြီး ပါးတွေနားတွေရိုက်ပြီး ပြောနေတာ” ဟု ပန်းတနော်မြို့ရှိဒေသခံမှ CJ Platform သို့ ပြောသည်။

 

ထိုသို့ရိုက်နှက်ခဲ့သည့် ဗိုလ်မှူးမှာ စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇေယျာလင်း ဖြစ်ကြောင်း သိရပြီး ၎င်းရိုက်နှက်ခဲ့သည့် အား/ကာမှူးမှာ နောက်တစ်နေ့တွင် ပန်းတနော်မြို့မှ ပြောင်းရွှေ့သွားပြီး စစ်တိုင်းမှူးထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

 

တိုင်ကြားမှုအရ ဗိုလ်မှူးဇေယျာလင်းအား တိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရပြီး အရိုက်ခံရသည့် အား/ကာမှူးမှာ မြို့သို့ပြန်မလာချင်တော့သဖြင့် အပြောင်းအရွေ့ တင်ထားကြောင်း သိရသည်။

 

” CCTV ကနေလည်း စစ်ဆေးမှုတွေ လုပ်နေတာရှိပါတယ်၊ အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအဖွဲ့အချို့ကိုလည်း ခေါ်ယူစစ်ဆေးတာတွေ ရှိပါတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးမှ CJ Platform သို့ပြောသည်။

 

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသည့် အတွက် KTV များ ဘားများနှင့် စားသောက်ဆိုင်များတွင် ညအချိန်လူစည်ကားလျက်ရှိပြီး ပန်းတနော်ရှိ ယခု ရိုက်နှက်ခံရသည့် အား/ကာမှူးသည်လည်း မကြာသေးခင်ကပင် KTV တစ်ခု၌ လူငယ်များနှင့် ရန်ဖြစ်ထိုးကြိတ်ခဲ့သေးကြောင်း ဒေသခံမှတဆင့်သိရသည်။