ပန်ဆန်းတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၂၀ ခန့် ကျာဖျန်လုပ်ငန်းတွင်ရောင်းစားခံရ

Published on Dec 23, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်အတွင်းမှာ ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၂၀ ဦးခန့် ရောင်းစားခံခဲ့ရကြောင်း CJ Platform မှစုံစမ်းသိရှိရသည်။

ပန်ဆန်းမြို့တွင် စကားပြန်အဖြစ် အလုပ်လုပ်ရမည်ဟုဆိုကာ တရုတ်လူမျိုးပွဲစား မှလိမ်လည်ခေါ်ဆောင်ခဲ့ကာ တရုတ်ယွမ် ၄၅၀၀၀ ဖြင့် ပန်ဆန်းမြို့ ကော်ဟုန်းတံတားအပေါ်ဖက် ရေဆေးဆီလိုက်လမ်းကြား အတွင်း&Sd ၉ထပ်တိုက်မှာရှိသည့် ကျာဖျန်လုပ်ငန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ရောင်းစားခဲ့တာပဲဖြစ်သည်။

ထိုသို့ ရောင်းစားခံရပြီးနောက် ရောင်းစားခံခဲ့ရသူများအထဲမှ အမျိုးသမီးတစ်ဦး၏ မိသားစုမှ လျော်ကြေးငွေပေး၍ ပြန်လည်ကယ်ဆယ်ရန် ကြိုးစားနေသော်လည်း တရုတ်လူမျိုးပွဲစားမှ လျော်ကြေးငွေအပြင် အစားထိုး လူတစ်ဦးပါ ပြန်လည်ရှာပေးရမည်ဖြစ်ကြောင်း အကြပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။

“ညီမက မိန်းကလေး တစ်ယောက်တည်းဆိုတော့ သူတို့က အနိုင်ကျင့်တာပေါ့ ပိုက်ဆံလျော်တဲ့အပြင် လူလည်းထပ်ရှာခိုင်းပါ တယ် ပွဲစားကိုယ်တိုင်က လူမရှာပေးရင် အချုပ်ချမယ်ပြောပါတယ်”ဟု ကျာဖျန်လုပ်ငန်းတွင် ရောင်းစားခြင်း ခံခဲ့ရသူ အဆိုပါအမျိုးသမီးမှ CJ Platform သို့ ဆက်သွယ်ပြောကြားသည်။

လက်ရှိမှာတော့ ၎င်းတို့အားလုံးကို အခန်းတစ်ခုတည်းတွင် နေထိုင်ခိုင်းထားပြီး အခန်းပြင်ပသို့ ထွက်ခွင့်မပေးဘူးဟုလဲ သိရသည်။

ပန်ဆန်းမြို့ အခြေစိုက် ကျာဖျန်လုပ်ငန်းများတွင် လိမ်လည်ရောင်းစားခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် CJ Platform မှ သတင်းဖော်ပြအပြီး ဖမ်းဆီးခံထားရသည့် လူငယ် ၃၀နီးပါး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ယခုလို ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်များ ဆက်လက်ရှိနေခြင်း ဖြစ်သည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များတွင် အများအပြားရှိကာ အေးဂျင့်များ၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ဝင်ရောက်လုပ်ကိုင်နေကြရသည့် လူငယ်များသည် ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကို ခံနေရတာပဲ ဖြစ်သည်။
ပုံစာညွှန်း- ၎င်းတို့အား ဖမ်းဆီးထားသည့် အခန်းအား မြင်ရပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပန်ဆန်းမြို့ #ကျာဖန်