ပခုက္ကူထောင်မှ အကျဉ်းသား ၅ဦးထွက်ပြေးသည့်ကိစ္စဖြင့် ထောင်မှုးနှင့်အဖွဲ့ကို စစ်တပ်ကဖမ်းဆီး

Author CJ Platform
Categories
Published on Sep 11, 2022

ပခုက္ကူမြို့ အကျဉ်းထောင်မှ ထောင်သားတစ်ဦးနှင့် အမှုရင်ဆိုင်နေသော အချုပ်သားလေးဦးထွက်ပြေးသည့် ကိစ္စနှင့်ပက်သက်ပြီး ထောင်မှူးနှင့်အဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ထောင်နှင့်နီးစပ်သူတွေဆီက သိရသည်။
ပခုက္ကူမြို့ အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်လေးနာရီက ထောင်ကျနေသူတစ်ဦးနှင့် အမှုရင်ဆိုင်နေသော အချုပ်သားလေးဦးထွက်ပြေးခဲ့သည့် ကိစ္စနှင့် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ထောင်မှူးနှင့်အဖွဲ့ကို ဖမ်းဆီးခဲ့တာဖြစ်သည်ဟု ထောင်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။
“ထောင်ဘက်က ထွက်ပြေးတာကို အစီရင်ခံစာတင်တယ် ဒါကို စစ်တပ်က ထောင်သားနဲ့ပေါင်းပြီးလုပ်တာဆိုပြီးထောင်မှုးနဲ့အဖွဲ့ကို ဖမ်းတာ ထောင်မှူးအပါအဝင်ငါးဦးလောက်ရှိမယ်”ဟု ပြောသည်။
အကျဥ်းထောင်မှ ထွက်ပြေးသူများသည် စောင်၊ပုဆိုးများကို အသုံးပြုပြီး ပင်မအုတ်ရိုးကို ကျော်တက်ကာ ထွက်ပြေးသွားတာဖြစ်သည်ဟု အကျဥ်းထောင်မှ ဖြေရှင်းတင်ပြထားသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့်ရဲများက ထွက်ပြေးလွတ်မြောက်သွားသူငါးဦးကို ဖမ်းဆီးရမိရေးအတွက်လိုက်လံရှာဖွေနေကြသော်လည်း ဖမ်းဆီရမိခြင်းမရှိကြောင်း မြို့ခံတွေဆီက သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၅ဦး စက်တင်ဘာ ၁၀ရက်တွင်ထွက်ပြေးလွတ်မြောက်လာကြောင်း၊ လွတ်မြောက်လာသူ ၅ဦးအနက် ၂ဦးမှာ တော်လှန်ရေးရဲဘော်များဖြစ်ပြီး ၃ဦးမှာမူ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီခံထားရသူများဖြစ်ကာ ၎င်းတို့ကိုပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့် သက်ဆိုင်ရာနယ်မြေခံအဖွဲ့များပူးပေါင်း၍ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း Young Force(UG)က ယနေ့ထုတ်ပြန်ထားသည်။