နောင်ကြီးအိုင် စခန်းအား စွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၅ ဦးခန့် သေ

Author လင်းနွေဦး
Categories
Published on Dec 26, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းရှိ တပ်သားများမှာ နှစ်လနီးပါးခန့် ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရကာ အကျအဆုံးများ လာ၍ မခံနိုင်တော့သဖြင့် စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

နောင်ကြီးအိုင် ရဲစခန်းအား နိုဝင်ဘာလ အစောပိုင်းမှ စတင်ကာ တော်လှန်ရေးအင်အားစုများမှ ဝိုင်းဝန်းပိတ်ဆို့၍ စစ်ရေးအရ ဖိအားပေးမှုများ လုပ်ဆောင်ထားခဲ့ရာ ဒီဇင်ဘာ (၂၀)ရက်နေ့တွင် စခန်းတွင်းရှိ တပ်သားများမှာ စစ်ကြောင်းပုံစံ ဖြင့် စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း၊ စွန့်ခွာ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ အကျအဆုံးများရှိကြောင်း အရာတော်မြို့နယ်(ပ.က.ဖ) တာဝန်ခံမှ ဆိုသည်။

“ရန်သူဘက်က ၁၅ယောက်လောက် ထိခိုက်သေဆုံးနိုင်ပြီး အရာရှိတွေလည်း ပါဝင်ပါတယ်၊ရန်သူ့ဘက်က နမခ Mi-35 လေကြောင်းပစ်ကူကြောင့် စစ်ကြောင်းတစ်ခုလုံးကို အပြတ်ချေမှုန်းခွင့် မရလိုက်ဘူးဗျ”ဟု အရာတော်မြို့နယ် (ပ.က.ဖ)တာဝန်ခံမှ CJ Platform သို့ ပြောသည်။

အရာတော်မြို့နယ် (ပ.က.ဖ) တာဝန်ခံ၏ ထပ်မံပြောကြားချက်အရ ဒီဇင်ဘာ (၂၁)ရက်နှင့် (၂၂)ရက်များတွင် နောင်ကြီးအိုင် စခန်းထဲ၌ စစ်သားများကျန်ရှိခြင်း ရှိ/မရှိ သေချာစေရန် အနီးကပ်ကင်းထောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ နောက်တစ်နေ့ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ဒရုန်းနှင့် ဗုံးများကြဲချပြီးနောက် စခန်းအား စီးနင်းကာ ရှင်လင်းရေးလုပ်ဆောင်ရာတွင် စခန်းတွင်း မည်သည့်စစ်သားမှ မရှိတော့ကြောင်း သိရှိရသည်။

“ဝန်ကြီး ဌာနကထုတ်ပြန်လာတဲ့ အချက်တွေ လွဲမှားနေတာပါ၊ မဟာမိတ်အဖွဲ့တွေ အများကြီးပါတော့ တစ်ဖွဲ့ဖွဲ့ ကReport တင်လိုက်တာ ဖြစ်နိုင်တယ် ခရိုင်တပ်ရင်းတွေကော အခြားမြို့နယ်က အဖွဲ့တွေကောဆိုတော့ အကြောင်းအရင်းစုံကတော့ ကျွန်တော်ပြောသလိုပါပဲ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်လာသော ကြေညာချက်တွင်း အနည်းငယ် အချက်အလက် ကွဲလွဲနေမှုအပေါ်  အရာတော်မြို့နယ် (ပ.က.ဖ )တာဝန်ခံမှ CJ Platform သို့ ဖြည့်စွက်ပြောသည်။

နောင်ကြီးအိုင်ရဲစခန်း သိမ်းပိုက်နိုင်ရေးအတွက် စခန်းသိမ်းတိုက်ပွဲဟု ရည်ရွယ်သောတိုက်ပွဲကြီး (၄)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ (၂)ကြိမ်မှာ လေကြောင်းပစ်ကူဖြင့် ခုခံသဖြင့် မသိမ်းပိုက်နိုင်ခဲ့ကြောင်း နှင့် ဗျူဟာပြောင်းလဲကာ ကာလရှည် ဖိအားပေးမှုကြောင့် စခန်းစွန့်ခွာ သွားသည်ဟု သုံးသပ်ကာ စစ်ကောင်စီမှ  ပြန်လည်တပ်မစွဲနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမည် ဟုလည်း အရာတော်မြို့နယ် ပ.က.ဖ တာဝန်ခံမှ ဆိုသည်။

ယခုကဲ့သို့ တပ်စခန်းကြီးတစ်ခုလုံးအား စခန့်စွန့်ခွာထွက်ပြေးသည် အထိ ကာလရှည် စစ်ရေးဖိအားပေးမှုများနှင့် တိုက်ခိုက်မှု Mission များကို အရာတော် မြို့နယ် ပ.က.ဖ တိုက်နယ် (၁မှ ၈)တာဝန်ခံများ၊မုံရွာခရိုင် PDF တပ်ရင်းများဖြစ်သည့် (၆/၁၈/၁၉/၂၄/၂၆) တပ်ရင်းများအပြင် Federal Wing အဖွဲ့ နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့များ မှလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာညွှန်း – နောင်ကြီးအိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် ရှင်းလင်းစဉ် မြင်ရပုံ