နေအိမ်၌ တစ်ဦးတည်း ရှိနေသည့် အမျိုးသမီးငယ်အား သတ်ဖြတ်၍ ရွှေထည်အချို့ ယူဆောင်သွား

Author မေ
Categories
Published on Nov 02, 2022

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၌ နေအိမ်တွင် တစ်ဦးတည်း ရှိနေသည့် အမျိုးသမီးငယ်အား သတ်ဖြတ်၍ ရွှေထည်အချို့ ယူဆောင်သွားမှု နိုဝင်ဘာ ၁ရက်က ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁ရက်နေ့ က ဇလွန်မြို့နယ်၊ တောင်ပို့တရာ ကျေးရွာအုပ်စုရှိ သရွတ်ဝရွာတွင် နေအိမ်၌ တစ်ဦးတည်း ရှိနေသော တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်အား သတ်ဖြတ်ကာ ၎င်းဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းအချို့အား ယူဆောင်သွားကြောင်း သိရသည်။ သေဆုံးသူ အမျိုးသမီးငယ်မှာ မိဘများနှင့် အတူနေသူဖြစ်ကာ အခင်းဖြစ်ပွားစဉ်၌ မိဘများမှာ ကျေးရွာ အနီးရှိ ကိုင်းတောထဲသို့ သွားရောက်နေစဉ် အသတ်ခံရခြင်းဟု သိရသည်။ သေဆုံးသူမှာ မိဘများ ကိုင်းတောထဲသွားစဉ် နေအိမ်၌ တစ်ဦးတည်း ကျန်ခဲ့သည့် အချိန်တွင် အိမ်နောက်ကပ်လျက် ရေစည်၌ ရေခပ်နေရာမှ လုယက်သူက ရောက်ရှိကာ ၎င်းအား သတ်ဖြတ်၍ ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းအချို့အား ယူဆောင်သွားခြင်းဟု သိရသည်။

“မိဘတွေ ကိုင်းတောထဲရောက်တုန်း အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့တာ။ အဲ့ဒီအချိန် အိမ်နောက်က ရေစည်မှာ ရေခပ်နေတုန်း လုယက်သူက သတ်ပြီး ဝတ်ထားတဲ့ ရွှေထည်အချို့ လုယက်သွားတာပါ။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ၌ သက်ဆိုင်ရာ ရဲစခန်းမှ လူသတ်မှု ပုဒ်မ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့၍ နိုင်ငံတစ်ဝန်း လုယက်သတ်ဖြတ်မှု ဖြစ်စဉ်များ များစွာဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစု၌ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိမှု မရှိပေ။