နိုင်ငံရေးအကြပ်အတည်းကို မဖြေရှင်းပဲ ရွေးကောက်ပွဲကျင်းပရန် ပြုလုပ်နေမှုသည် သွေးထွက်သံယိုမှုပို များသည့် ပဋိပက္ခ ကို ဦးတည်နေသည်ဟု မွန်ပြည်သစ်ပါတီဆို

Author လင်းခိုင်
Categories
Published on Feb 05, 2023

နိုင်ငံရေးအကြပ်အတည်းကို မဖြေရှင်းပဲ ရွေးကောက်ပွဲကျင်းပရန် ပြုလုပ်နေမှုသည် သွေးထွက်သံယိုမှုပို များသည့် ပဋိပက္ခ ကို ဦးတည်နေသည်ဟု မွန်ပြည်သစ်ပါတီ၏ ၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းကာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်သာမက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်အတွက် နည်းလမ်းရှာဖွေခဲ့သော်လည်း အစိုးရအဆက်ဆက်သည် နိုင်ငံရေးဖြေရှင်းလိုသည့် စိတ်ဆန္ဒပြင်းပြမှုမရှိသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ တစ်ဆိုနေ့ခဲ့ကာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် အစိုးရနှင့် တိုင်းရင်းသားပြည်သူများအကြား ယုံကြည်မှုပျက်ပြားကာ ပြသနာပေါင်းစုံနှင့် ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်လျက် အစိုးရအဆက်ဆက်နှင့် နိုင်ငံရေး ပြသနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီမှ ဖိတ်ခေါ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသော်လည်း စစ်ကောင်စီသည် ၂၀၀၈ ခြေဥကို ဆုပ်ကိုင်နေသဖြင့် မျှော်မှန်းသည့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများရရှိနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးပြသနာများမှာ အခင်းအကျင်းသစ်တစ်ခုသို့ပြောင်းလဲရောက်ရှိနေပြီဖြစ်ကြောင်း၊ Stakeholders အဖွဲ့အစည်းသစ်များသည် တစ်နိုင်ငံလုံး ပျံ့နှံ့ပေါ်ပေါက်နေသည့်အတွက် အာဏာကိုင်စွဲထားသူများမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုသာ ငြိမ်းချမ်းရေအတွက် ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် လုံလောက်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီက ရှင်းပြထားသည်။

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန် နည်းလမ်းရှာကြံခြင်းမပြုပဲ ရွေးကောက်ပွဲတစ်ခု ကျင်းပရန် အားထုတ်လုပ်ဆောင်လျှင် ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခသို ဦးတည်သွားနိုင်သည်ဟု မွန်ပြည်သစ်ပါတီက သုံးသပ်ထားသည်။