နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည့် စစ်ကောင်စီကို ထိရောက် ပြင်းထန်သည့် အရေးယူမှုမျိုး အကောင်အထည် မဖော်နိုင်သည်မှာ အံသြစရာကောင်းနေကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်ဆို

Author မွန်လေး
Categories
Published on Dec 27, 2022

 

နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည့် စစ်ကောင်စီကို ထိရောက်ပြင်းထန်သည့် အရေးယူမှုမျိုး အကောင်အထည် မဖော်နိုင်သည်မှာ အံ့သြစရာကောင်းနေကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၏ ကရင်နီ(ကယား) ပြည်နယ်တွင် စစ်အာဏာရှင်တို့မှ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုနှင့် စစ်ရာဇ၀တ်မှု ကျူးလွန်ချိုးဖောက်သည့် အထောက်အထားများ အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာကို မတရားလုယူခဲ့သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်ကြောင်း၊ လူမဆန်သည့် လုပ်ရပ်များဖြင့် ပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးစားလုပ်ဆောင်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာသိပင်ဖြစ်သော်လည်း ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၊ ဒေသတွင်း အာဆီယံနိုင်ငံများ၏ လက်တွေ့ကျကျဆောင်ရွက်မှုများ မရှိသည့်အတွက် မြန်မာပြည်သူများ အားမလို အားမရဖြစ်နေသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

စစ်ကောင်စီသည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် ဆိုင်သော ဂျနီဗာကွန်ဗင်းရှင်း၏ ပုဒ်မ(၃)၊ ၁(က) တွင် ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ပုံစံမျိုးစုံဖြင့် လူသတ်ခြင်း၊ဓားစာခံ ဖမ်းဆီးခြင်း၊ မျက်ကွယ်တွင် ကွပ်မျက်မိန့်ချမှတ်ခြင်းနှင့် စစ်ရာဇ၀တ်မြောက်သည့် မြို့၊ ရွာလူနေအိမ်အဆောက်အဦးများ ဖျက်စီးခြင်းများ ကျူးလွန်နေကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ပုဒ်မ-၃ လူတိုင်းလွတ်လပ်စွာ အသက်ရှင်ခွင့်နှင့် လုံခြုံမှုရှိရမည်အပါအ၀င် ပုဒ်မ-၅ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပုဒ်မ-၉ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း အစရှိသည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည့် အကြမ်းဖက်စစ်တပ်အား ပိုမိုထိရောက်ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုမျိုး အကောင်အထည် မဖော်နိုင်သည်မှာ လွန်စွာ အံသြစရာကောင်းနေသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက် နှိပ်စက် သတ်ဖြတ်မှုများကို ပြည်သူတရပ်လုံး ငြိမ်ခံမနေပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဆက်လက် ခုခံတော်လှန် နေရဦးမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကရင်နီ(ကယား) ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် ရက်စက်မှုများ ခံစားနေရပြီး၊ အပြစ်မဲ့ပြည်သူ၊ ကလေးနှင့် အမျိုးသမီးများပါမကျန် အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်ပြီး လူ ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး လူ့မှုအသိုင်းအဝိုင်းမှ လက်မခံနိုင်သည့် ကြေကွဲ၀မ်းနည်းဖွယ် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုဖြစ်သည့် လူသတ်ဖြတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သိလျက်နှင့် အစာရေစာ ပြတ်လတ်စေခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်မှ တာ၀န်ရှိသူများကို ဖမ်းဆီးအရေးယူသင့်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ရာဇဝတ်မှု