နတ်တလင်းတွင် စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါထိမှန် သေဆုံး

Author  Gold
Categories
Published on Apr 01, 2024

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် သရက်စမ်းကျေးရွာအနီးတွင် မတ် ၃၁ရက်က စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း နတ်တလင်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

တောင်ညိုရဲစခန်းမှ အင်အား ၄၀ဦးဖြင့် ထွက်ခွာလာသောစစ်ကြောင်းကို နံနက် ၁၀နာရီခန့်က သရက်စမ်းကျေးရွာအနီးတွင် ဒေသခံတော်လှန်ရေးအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

“စနိုက်ပါနဲ့ပစ်တာက မီတာ ၃၀ အကွာလောက်ကနေ ပစ်လိုက်တာ။ မှန်သွားတဲ့ စစ်ကောင်စီတပ်သား အော်ပြီးလဲကျသွားတယ်။ အဲ့ဒီအနီးတစ်ဝိုက်မှာက သတင်းပေးမယ့်ပြည်သူလဲမရှိတော့ ကျွန်တော်တို့ မျက်မြင်ကိုသာ အတည်ပြုထားတာပါဗျ”ဟု ရဲဘော်ဂျူပီတာက CJ Platform သို့ပြောသည်။

 

ထို့နောက် အလောင်းကို တိုက်ပွဲဖြစ်ပွားရာအနီးရှိ ငှက်ပျောတောအတွင်းသို့ ဆွဲယူသွားပြီး ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများသုံးကာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

 

အဆိုပါနေ့ နံနက် ၉နာရီခန့်ကလည်း  အမှတ် (၁) တပ်ရင်း၊ ၃၈၀၁ တပ်ခွဲ( ၂) Phoenix D Fရဲဘော်များနှင့် တပ်ခွဲ (၄) BRA Bamar Revolution Army တို့မှ ပူးပေါင်း၍ သရက်စမ်းအနီးတွင် စစ်ကောင်စီတပ်သားများကို ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ထို့ပြင် မတ်လ ၃၀ ရက်ကလည်း တောင်ညိုရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်ကြီးများ ၊ဒရုန်းဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် အမှတ် (၁)၊တပ်ရင်း ၃၈၀၁ တပ်ခွဲ( ၂) Phoenix D F ရဲဘော်များနှင့် တပ်ခွဲ (၄)၊ BRA Bamar Revolution Army ရဲဘော်များမှ  ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။