ဒေါ်လာလေးသိန်း ပရောဂျက်မှ ရရှိသည့် လက်နက်များဖြင့် တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု ဗိုလ်နဂါးအသိပေး

Author လင်းခိုင်
Categories
Published on Feb 04, 2023

 

ဒေါ်လာလေးသိန်း ပရောဂျက်မှ ရရှိသည့် လက်နက်များဖြင့် တိုက်ပွဲများ ဖော်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့တော်၀င်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက အသိပေးထားသည်။

“ဒေါ်လာလေးသိန်း ပရောဂျက်ရဲ့ ရလာဒ် ပြီးခဲ့တဲ့ သုံးရက်တာ စစ်ကြောင်းမှာ စတင်တာ၀န်ထမ်းနေပြီဖြစ်ပါတယ်။ ပါ၀င်အားဖြည့်ပေးခဲ့ကြတဲ့ တစ်သီးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်” ဗိုလ်နဂါးက ပြောကြား သည်။

၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ကာ ဒေါ်လာလေးသိန်းကမ်ပိန်းမှ ရရှိသည့် ငွေများဖြင့် လက်နက်များ၀ယ်ယူရာတွင် အခြေအနေ အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ယခု နှစ် ဇန်နဝါရီလကုန်ခါနီးတွင် အလေအလွင့်မရှိ အားလုံး ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ဆိုသည်။

“ခရီးရောက်မဆိုက်ဆိုသလို ပြီးခဲ့တဲ့ရက်ပိုင်းက ယင်းမာပင်၊ ပုလဲတလျှောက် ထိုး၀င်လာတဲ့ စစ်ကြောင်းကို ရင်ဆိုင်ခဲ့ရတယ်။ သုံးရက်လုံးမှာ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် နေ့ညမနား ရဲဘော်တွေ ကြိုးစား ကာကွယ်ခဲ့ကြတာလည်း ဒေသတွင်းပြည်သူများ အသိဖြစ်ပါတယ်” ဟု ဗိုလ်နဂါးက အသိပေးပြောကြားသည်။

စစ်ဆင်ရေးများကိုလည်း တဆင့်တိုးပြီး ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း နောက်ထပ် ပရောဂျက်များတွင် အားဖြည့်ကူညီကြရန် ဗိုလ်နဂါးက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ပုလဲမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအရှေ့တောင်ဘက်တွင် မြန်မာ့တော်၀င်နဂါးတပ်တော်နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တော်၀င်နဂါးတပ်တော်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ၊ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြန်မာ့တော်ဝင်နဂါးတပ်တော် #ဗိုလ်နဂါး #ဒေါ်လာလေးသိန်းပရောဂျက်