“ဒီအပတ် စက်သုံးဆီဈေး အခြေအနေ” (ဒီဇင်ဘာ ၄ မှ ၉ အထိ)

Author လင်းနွေဦး
Categories
Published on Dec 09, 2023

“စျေးအကျပြပြီး ဝယ်မရတဲ့ စက်သုံးဆီ”

 

စက်သုံးဆီရရှိဖို့ တိုးဝှေ့ တန်းစီနေရတဲ့ လူထုကို နှစ်သိမ့်တဲ့အလား ဒီတစ်ပတ် စက်သုံးဆီဈေးတွေကတော့ အနည်းငယ် ပြန်ကျလာပါတယ်။

 

ဆီဈေးမကျခင်မှာတော့ နိုင်ငံတဝန်း ဆီပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး လူထုအကြား ပွက်လောရိုက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ဆီပြတ်လပ်မှု ဖြစ်ရတာဟာ စစ်ကောင်စီက စက်သုံးဆီတင်သွင်းသူတွေကို အရင် သူတို့ရဲ့ဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ မရောင်းပေးတော့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီလို စက်သုံးဆီပြတ်လပ်မှုကို စစ်ကောင်စီသတင်းစာ မြန်မာ့အလင်းကတော့ “သီလဝါဆိပ်ကမ်းက စက်သုံးဆီဆိုင်တွေကို ဆီပေးပို့ရာမှာ ကြန့်ကြာမှုတွေကြောင့် အင်္ဂါနေ့ကစပြီး ဆီပြတ်သွားတယ်” လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့ ဘာလို့ ကြန့်ကြာတာလဲဆိုတာတော့ မဖော်ပြပါဘူး။

 

တစ်နေ့ထက် တစ်နေ့ ပိုရှည်လာပြီး မိုးမလင်းခင် တန်းစီပြီး စက်သုံးဆီရဖို့ စောင့်ဆိုင်းနေတဲ့ ကားတန်းတွေ အကြားမှာ ပဋိပက္ခတွေလည်း ရှိခဲ့ပြီး ဆီရောင်းသူနဲ့ ဝယ်သူအကြား ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မြေနီကုန်း Denko ဆီဆိုင်ကလို ဖြစ်စဉ်တွေကိုပါ မြင်တွေ့ရပါတယ်။

 

စက်သုံးဆီဈေးတွေကို အရင်အပတ်က နှိုင်းယှဉ်ပါက ၉၂ အောက်တိန်း တစ်လီတာ ၄၅ ကျပ်၊ ၉၅ အောက်တိန်း တစ်လီတာ ၆၅ ကျပ် ထိ ပြန်ကျခဲ့ပါတယ်။

 

အဆင့်မြင့် ဒီဇယ် တစ်လီတာကလည်း ၃၅ ကျပ် အထိပြန်ကျလာပေမဲ့လို့ ရိုးရိုးဒီဇယ် တစ်လီတာ ကတော့ မဆိုစလောက် ၅ ကျပ် တက်လာပါတယ်။

 

လက်ရှိ ဈေးကွက်အတွင်း ၉၂ အောက်တိန်း တစ်လီတာကို ၂၄၆၀ ကျပ် ၊ ၉၅ တစ်လီတာ ကို ၂၅၇၅ ကျပ် ၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၂၇၀ ကျပ် နဲ့ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၂၁၅ ကျပ် ရည်ညွှန်းဈေးရှိနေပါတယ်။

 

စက်သုံးဆီစျေးတွေဟာ အကျဖက်ကို ဦးတည်ပြနေပေမယ့် လက်တွေ့မှာတော့ ဝယ်ယူလို့ မရခဲ့ပါဘူး။ လက်လီဆိုင်ငယ်လေးတွေမှာတော့ ၉၂ အောက်တိန်း တစ်လီတာကို ၄၀၀၀ ကျပ်ဝန်းကျင်ထိကို ရောက်ရှိနေတာမို့ မျှော်သာမျှော် ပါမလာတဲ့ ဆီဘောက်ဆာတွေကို မော်တော်ယာဉ်ပိုင်ရှင်တွေက မိုးလင်းမိုးချုပ် စောင့်ဆိုင်းနေရဆဲပါပဲ။