ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းစီမံကိန်းများ ဖျက်သိမ်းခံရသည်ဟု မင်းအောင်လှိုင်က ယခင်အစိုးရများကိုဝေဖန်

Author မွန်လေး
Categories
Published on Feb 06, 2023

 

ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းစီမံကိန်းများ ဖျက်သိမ်းခံခဲ့ရသည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေးအားလျှပ်စစ် ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းအချို့နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိခဲ့သည်ဟု မင်းအောင်လှိုင်က ယခင်အစိုးရများကို ပြစ်တင်ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မိမိတို့ အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားထူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရါက်လျက်ရှိပြီး လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ယင်းက ဆိုသည်။

လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ထုတ်လုပ်နိုင်ပါက လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်သည့် သယ်ယူ ပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် စက်သုံးဆီသုံးစွဲမှုများကို များစွလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် Power Station များကို စတင်တည်ဆောက်နေပြီး လူအသုံးများသည့် လမ်းများနှင့်မြို့ကြီးများတ်ွင် ဆက်လက်တိုးချဲ့ သွားမည်ဟုလည်း မင်းအောင်လှိုင်က ပြောကြားသည်။

အကြီးစား ရေအားလျှပ်စစ် စီမံကိန်းများသည် သဘာ၀ပတ်၀န်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေသည့်အပြင် မြစ်၊ ချောင်းများအနီးနေထိုင်သည့် ဒေသခံများအတွက် သဘာ၀ကို အမှီပြုလုပ်ကိုင်စားသောက်သည့် သဘာဝဖြစ်စဉ်များပျက်စီးနိုင်ခြင်းကြောင့် ယင်းစီမံကိန်းကို သဘာ၀ ပတ်၀န်းကျင်အရေးလှုပ်ရှားသူများက ကန့်ကွက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

ထိုကဲ့သို့ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို ဦးသိန်းစိုအစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် ပိတ်ပင်ထားခဲ့သော်လည်း မင်းအောင်လှိုင်က တိုင်းပြည်အာဏာလုယူပြီးနောက်တွင် ဒေသခံများ၏ အသံကို နားထောင်ခြင်းမရှိပဲ ယင်းစိတ်ကြိုက်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည် ဟု ဝေဖန်မှုများလည်းရှိနေသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်းအောင်လှိုင် #ရေအားလျှပ်စစ်