“ဒီမယ် ကျူကျူကျား ငါဘုရားသည် ပက်စပို့ပွဲစား မဟုတ်ချေ”

Author ပြည်စိုး
Categories
Published on Feb 19, 2023

ဘာမေးရှားခြံတော်ကြီးအတွင်းမှ ပြင်ပထွက်ခွာခွင့် လက်မှတ်များကို အသစ်ထပ်မံ မထုတ်ပေးရန် ကျူကျူကျား အမိန့်ထုတ်ပြန်ထားသည်။

ကျူကျူကျား ခြံတော်ကြီးအား မောင်ပိုင်စီးသည့် အချိန်မှ စတင်ကာ ခြံတော်ကြီးအတွင်းရှိ လူစင်စစ် လူငယ်အများစုမှာ ၅ပေ၂လက်မအောက်မှ လေကိုရှုသွင်းကာ အသက်ဆက်နေရသည့် အကောင်၏ လက်အောက်တွင် နေထိုင်လိုခြင်း မရှိသဖြင့် ခြံတော်ကြီးမှ ပြင်ပကို အသီးသီး ထွက်ခွာနေကြသည်။

သေချာသည် ဒီအတိုင်းဆိုပါက ခြံတော်ကြီးအတွင်း လူစင်စစ်များ ကျန်ရှိတော့မည် မဟုတ်သည်ကို ကျူကျူကျား သဘောပေါက်သည်။

ကျူကျူကျားဆိုသည်မှာလဲ ခြံတော်ကြီးမှ ပြင်ပသို့ သွားလာလိုပါက ငပူတင်း၏ ယိုင်နဲ့နဲ့ခြံတော်မှ လွဲကာ သွားလာရဲသူ မဟုတ်ချေ ဆိုသည်ကား ငါမှ မသွားရတာ နင်တို့လဲ မသွားနဲ့ဟုဆိုကာ အကောက်ကြီး ကောက်နေပုံရသည်။

ပြင်ပထွက်ခွာခွင့် လက်မှတ်များကို ပိတ်ထားချိန်တွင် ခြံတော်ကြီးအတွင်းရှိ လူစင်စစ်များ ဒုက္ခရောက်ကြသည်။ စာမေးပွဲသွားဖြေဖို့ အလုပ်လုပ်ဖို့ ဆေးသွားကုဖို့ဆိုသည့် ကိစ္စရပ်များအတွက် တိုင်ပတ်ကြတော့ အချို့ကတော့ ဘဘကယ်ပါ (ကယ်ပါ= တရုတ်စကားမဟုတ်ပါ ကယ်တင်ရန် အကူညီတောင်းခံခြင်းဖြစ်သည်) ဟု စာတွေရေးကာ တင်ပြကြရသည်။

ဒါကိုပင် ကျူကျူကျား အကျေနပ်ကြီး ကျေနပ်နေပုံရသည် “ဘဘကယ်ပါ” “ဘဘကယ်ပါ”နှင့် …

ဟျောင့် မဲလုံး ငါ့ကို ကယ်ပါ ပြောနေရပြီတွေ့လား…

တဝုဝုနှင့် မဲလုံး ပြန်ဖြေသည် ကိုယ်တွေကတော့ ဘာသာ မပြန်တတ်။

ကျူကျူကျားသည် လူကသာ အနူ စားချင်တော့ တူဖြင့် ဖြစ်သည်။

အကုန်ပိတ်ထားရင် အပြောခံထိမှာ စိုးရိမ်တာကြောင့် ပြင်ပထွက်ခွာခွင့် လက်မှတ်များကို ဗုဒ္ဓဂါယာဘုရားဖူးများကိုတော့ ခွင့်ပြုမည်ဟု ကျူကျူကျား ဆိုလေသည်။

မှန်သည် ဘုရားဖူးသွားချင်ရင် ထုတ်ပေးမယ်။ ကျန်တာတော့ မပေးဘူးဟု ကျူကျူကျား တစ်ကွက်ပြသည်။

ဘာမေးရှားခြံတော်ကြီးရဲ့ အဖြစ်ကလဲ ပြင်ပထွက်ခွာမှာသာ ဘုရားဖူးရကိန်းအဖြစ် ရှိသည်။ ခြံတော်ကြီးအတွင်းမှာ ရှိသည့် ဘုရားကျောင်းကန်များကို ကျူကျူကျားတပည့်တွေက အကုန်မီးရှို့ဖျက်ဆီးနေတာ ကုန်လုနီးနီးကိုး….။

ချက်ခြင်းဆိုသလို ခြံတော်ကြီးတစ်ခုလုံး ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်ကုန်ကြသည်။ သင်္ဘောတက်ချင်သူကလဲ ဘုရားဖူးရ၊ အိမ်ကူသွားလုပ်ချင်သူလဲ ဘုရားဖူးရ၊ ဆေးသွားကုချင်လဲ ဘုရားဖူးရ၊ ကျောင်းသွားတက်ချင်သူလဲ ဘုရားဖူးရနဲ့ ကျူကျူကျား ကျေးဇူးဖြင့် ခြံတော်ကြီးတစ်ခုလုံး ဘုရားဖူးများ ထွက်ကြရသည်။

ခြံတော်ကြီးအတွင်းမှာ ဘုရားရှားပါးသွားတော့ အပြင်ကို ထွက်ရတော့မှာပေါ့။

လူတိုင်းပါးစပ်ဖျားတွင် ဘုရားဖူးသွားမို့ ပြင်ပထွက်ခွာခွင့် လက်မှတ်လေး ပေးပါဆိုသည့် စကားရပ် တွင်ကျယ်လာသည်။

ဘုရားများ စိတ်ညစ်ရလေပြီ…

ဒီကောင် ကျူကျူကျားကတော့ ငါတို့ကို အကုန်မီးတိုက်ပြီး အပြင်ကဘုရားတွေကိုပဲ လွှတ်နေတာ မဟုတ်ချေဟု အရေးပေါ် အစည်းအဝေး ခေါ်ယူကြသည်လား မသိ။

ကျူကျူကျား လက်ထက်မှ ဘုရားများ အငြိမ်မနေရ ဖူးချင်ချင် မဖူးချင်ချင် ပြင်ပထွက်ခွာခွင့် လက်မှတ်လိုချင်ပါက ဘုရားဖူးရမည်ဖြစ်လေတော့ ဘုရားများသည် ပက်စပို့ပွဲစားများအလား ဖြစ်ခဲ့ရသည်။

ဪ ကျူကျူကျား ကျေးဇူး ကြီးမာလှပေစွ။