ဒီပဲယင်း-ရေဦး အစပ်ရှိ ရွာ ၁၀ ခုကျော်က အရပ်သား ၃၀၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ ထွက်ပြေးတိမ်းရှောင်နေရ

Author မင်းထက်
Categories
Published on Feb 16, 2024

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံစစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ခုကျော်မှ  ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က CJ Platform သို့ ပြောသည်။

 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်းမှ အနောက်ခြမ်းရှိ ငဝဲတောကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တစ်ညအိပ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ယမန်နေ့ နံနက်ပိုင်းတွင် ရေဦးနယ်အနောက်ခြမ်းရှိ ရှော်ဖြူရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ မစိုးရိမ်ရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုလက်ရှိ အောင်သာရွာမှာ တပ်စွဲထားတယ်” ဟု ကိုထူးခန့်ဇော်(အမေ့သား)က CJ Platform သို့ ပြောသည်။

 

ယင်းစစ်ကြောင်းကြောင့် ဒီပဲယင်းနှင့် ရေဦးနယ် အစပ်ရှိ မစိုးရိမ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ၊ ငြုတ္တုံ၊ ရွာမိဿာ၊ ပျော်ဘွယ်၊ ရွာရှည်၊ အောင်ချမ်းသာနှင့် မဲအိုးရွာတို့မှ အရပ်သားပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

“ရေဦးကို စစ်ကြောင်းတွေစ၀င်တည်းက ရှောင်နေတာ။ နေ့ခင်း၀င်နေပြီး ညရွာထဲမနေဘူး။ ခုလည်း အောင်သာမှာ ရောက်နေတယ်ဆိုတော့ ဒီရွာဘက်တွေလည်း ၀င်မှာစိုးရိမ်တော့ ရှောင်နေရတယ်” ဟု ရေဦးမြို့နယ်၊ ငြုတ္တုံရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် ဖေဖော်၀ါရီလ ၁၂ ရက်နေ့က ရေဦးနယ်အနောက်ခြမ်းနှင့် ဒီပဲယင်းနယ်တို့ကိုစစ်ကြောင်းထိုး၀င်ရောက်ခဲ့ကြောင်း၊ ထို့နောက် ရေဦးမြို့တွင်းမှ အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထွက်လာကာ အောင်သာရွာတွင် တစ်ညအိပ်တပ်ဆွဲခဲ့ကြောင်း၊ ဖေဖော်၀ါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အောင်သာရွာမှ ဒီပဲယင်းမြို့ထဲဝင်သွားခဲ့ကြောင်း People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ဆက်ပြောသည်။

 

မစိုးရိမ်ရွာသည်  စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးတိုင်း ဝင်ရောက်လေ့ရှိသော ကျေးရွာဖြစ်သောကြောင့် ကျေးရွာနေ ပြည်သူများ ရွာထဲ၌ နေထိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Related News

Depend on news