ဒီပဲယင်းက အရပ်သား ၈ ဦးကို စစ်ကောင်စီရက်ရက်စက်စက်သတ်ဖြတ်သည့်အပြင် ၂၁ ဦးကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

Author မင်းထက်
Categories
Published on Nov 01, 2023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အရပ်သား ၈ ဦးကို ခေါင်းဖြတ်ဗိုက်ခွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူ ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platformသို့ ပြောသည်။

“အောက်တိုဘာ ၁၈ ရက်နေ့က ၀င်ရောက်လာတဲ့ စစ်ကြောင်းက အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ဝဘာကျေးရွာကို စစ်ကြောင်းထိုးပြီး နေအိမ် ၇ လုံးနဲ့ စပါးတိုက် ၄ လုံးကို မီးရှို့ထားခဲ့မှုကြောင့် စပါးတင်း ၈၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်။ နောက်ပြည်သူ ၅ ဦးထက်မနည်းအသတ်ခံရပြီး အဖမ်းခံရသူတွေလည်း ရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာ ၁၈ ရက်မှ ၂၈ ရက်နေ့အထိ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို တပ်သား အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး အရပ်သားပြည်သူများကို ယခုလိုသတ်ဖြတ်၊ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ ၈ ဦးမှာ သိမ္ဘာကျေးရွာမှ ‌ကိုအောင်နိုင် (၃၅) နှစ်၊ ကိုဇော်မျိုးအောင် (၃၄) နှစ်၊ အမည်မသိရသေးသူ ၂ ဦး၊ ဘုတ္တန်းရွာမှ ဦးကြည်ဝင်း၊ ပန်းပုရွာမှ ကိုငြိမ်းမင်းဦး (၃၉) နှစ်၊ ကံပြားရွာမှ ကိုကျန်ထွန်း (၄၃) နှစ်နှင့် မင်းတဲကုန်းရွာမှ ဦးညိုဝင်း (၆၀) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျွန်းတော်ကြီးရွာမှ ကိုအောင်ဇင်၊ ကိုမင်းမင်း၊ ကိုကျော်ထွန်း၊ ကိုဆန်းဦး၊ ကိုဝင်းခိုင်၊ အုန်းတင်ရွာမှ ကိုနတ်စား၊ ကံပြားရွာမှ ကိုတရုတ်ကြီး၊ ကိုဝင်းဟိန်းဦး၊ ရှမ်းတောရွာ၊ ကိုဝင်းအောင် (၃၇) နှစ်၊ ကိုမျိုးမြင့်ထွန်း (၃၃) နှစ်၊ ကိုတင်မောင်လင်း (၃၃) နှစ်၊ ကိုရဲရင့်အောင် (၂၅) နှစ်၊ ကိုဟိန်းညီညီ (၁၅) နှစ်၊ ကိုငြိမ်းချမ်းဖြိုး (၁၈) နှစ်၊ ကိုအောင်ကို (၃၂) နှစ်၊ မောင်မြင့်မြတ်သူ (၁၄) နှစ်၊ ကိုသီဟကျော် (၂၀) နှစ်၊ ကိုချစ်စမ်းသူ (၁၈) နှစ်၊ ကိုစိုင်းကိုဦး (၁၈) နှစ်၊ ကိုမောင်ပို (၃၅) နှစ်၊ မင်းတဲကုန်းရွာမှ ကိုအောင်ကျော် (၁၉) နှစ်တို့ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်၍ ယနေ့အချိန်ထိ သတင်းအစအန မရကြသေးဘဲ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို ဝင်ရောက်နေသော စစ်ကြောင်းသည့် အောင်လံအခြေစိုက် ခလရ (၇၁) စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်တွင် ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ထိုမှတဆင့် အောက်တိုဘာ ၃၀ ရက်တွင် ရေဦးမြို့နယ်ထဲသို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ကာ ညအချိန် စီးနင်း၀င်ရောက်လာခဲ့ပြီး PDF ရဲဘော် ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ပြည်သူအများအပြားကို ဖမ်းဆီးသွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း မစိုးရိမ်ရွာမှ ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်ကို လက်ပြန်ကြိုးတုပ်ပြီး ဒီပဲယင်းမြို့အရှေ့ဘက် ကံပြားရွာထဲသို့ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်စွဲထားကြောင်း သိရသည်။