“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၄ မှ ၉ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 09, 2023

“ငွေဈေးလှုပ်လို့ ရွှေဈေး လှုပ်”

 

ငွေဈေးလှုပ်လှုပ်၊ ကမ္ဘာ့ရွှေလှုပ်လှုပ် ဘာလှုပ်လှုပ် လိုက်တက်တဲ့ ပြည်တွင်းရွှေဈေးဟာ အခုတော့ ငွေဈေးလှုပ်လို့ လိုက်လှုပ်ပြန်ပါတယ်။

 

ဒီဇင်ဘာ ၆ ရက် စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ထိန်းချုပ်မှုဖြစ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း ရောင်းချရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ငွေလဲခွင့်လိုင်စင်ရ ဘဏ်အချင်းချင်း လဲလှယ်မှုကို အဲဒီသတ်မှတ်ချက် ဖြေလျှော့ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

 

ဒီထုတ်ပြန်ချက်ကြောင့်ပဲ နိုင်ငံခြားငွေဈေးတွေ အဲဒီနေ့မှာ အကြီးအကျယ်လှုပ်ခပ်ခဲ့သလို ပြည်တွင်းရွှေဈေးဟာလည်း လှုပ်ခပ်မှုတွေရှိခဲ့တာပါ။

 

ပြီးခဲ့တဲ့ အပတ်ထဲ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၆ သိန်းကျော်နဲ့ လည်ပတ်နေတဲ့ ရွှေဈေးဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ တစ်ကျပ်သား ၃၇ သိန်းခွဲအထိ တက်ခဲ့ပါတယ်။

 

ဒါပေမဲ့ စနေနေ့မှာတော့ ၁၆ ပဲရည် တစ်ကျပ်သား ၃၆ သိန်း ၉ သောင်းကို ပြန်ကျလာခဲ့တာကိုတွေ့ရပါတယ်။

 

အဲဒီလိုပဲ ဒီတစ်ပတ်ရဲ့အစောပိုင်းရက်တွေမှာ ကမ္ဘာ့ရွှေဈေးဟာလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၉၀ နီးပါးအထိ မြင့်တက်ခဲ့ပေမယ့် စနေနေ့မှာတော့ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၀၀ စွန်းစွန်းပဲ ရှိတော့တဲ့အထိ ပြန်ကျခဲ့ပါတယ်။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်ထဲ ၁၅ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ၉ သိန်းခန့်နဲ့ ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၆ သိန်း ၉ သောင်းခန့်ရှိပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၄ ဖြစ်ပါတယ်။