“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇန်နဝါရီ ၂၁ ရက် မှ ၂၇ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Jan 28, 2024

တက်မြဲ တက်ဆဲ ဒီတစ်ပတ် စက်သုံးဆီဈေး

 

ပြီးခဲ့သည့် အပတ် CJ Platform ကနေ စက်သုံးဆီဈေးတွေ ဟာ အကျပြရင်တောင် အနည်းငယ်သာ ဖြစ်ပြီး လက်ရှိ ဈေးနှုန်းမှာ တန့် နေမယ် လို့ ခန့်မှန်းခဲ့တာဟာ ဒီတစ်ပတ်မှာတော့ အနည်းငယ် လွဲချော်ခဲ့ပါတယ်။

 

ဒီအပတ် စက်သုံးဆီဈေးတွေဟာ အကျလည်း မပြသလို တန့်လည်း မတန့်နေခဲ့ဘဲ ပိုလို့တောင် တိုးခဲ့တာပါ။

 

ဈေးနှုန်းတွေတိုးလာတဲ့ စက်သုံးဆီတွေထဲ ဒီဇယ် ဈေးနှုန်းတွေဟာ အရမ်းမတက်ခဲ့ပေမဲ့လို့ ဓာတ်ဆီဈေးနှုန်းတွေကတော့ ကြောက်ခမန်း လိလိ ကျပ်၁၀၀ ကျော် အထိ ကို ခုန်တက်ခဲ့တာပါ။

 

ဒီလိုတက်လာတဲ့ အပေါ် ရန်ကုန်မြို့ သာကေတ မြို့နယ်နေ အသက် ၂၈ နှစ်အရွယ် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီးတစ်ယောက်ကတော့ ယခုလို ပြောပါတယ်။

 

“အမ တို့ ကုမ္ပဏီ က မီးလာလည်း ရုံးလုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်အောင် မီးစက်ကြီး ထားထားတယ် ခုက အဲ့မီးစက် ဆီဖြည့်ဖို့ သွားသွားဝယ်တဲ့အခါ ဆီဈေးတွေ ကြည့်ပြီး ဟင် ခနဲတောင် ဖြစ်တယ် နည်းနည်းလေး တစ်လီတာဝယ်ရင် မသိသာပေမဲ့ တရုံးလုံးကို မောင်းမဲ့ စက်ကြီးထဲထည့်ဖို့က အများကြီးဝယ်ရတယ်လေ ပိုဝယ်ရလေ ဈေးနှုန်း က ပိုသိသာလေ ရုံးက Finance လည်း ငြီးတယ် ဆီအတွက်တင် တစ်လ တစ်လ အများကြီး ကုန်နေလို့ “ လို့ အဆိုပါ အမျိုးသမီးက CJ Platform ကို ပြောပါတယ်။

 

ဒီလိုမျိုး “ဟင်” ခနဲ ဖြစ်စေတဲ့ ဒီတစ်ပတ် စက်သုံးဆီ ဈေးတွေကတော့ ရိုးရိုးဒီဇယ်  တစ်လီတာ ကို ၂၄၃၀ ကျပ်ကနေ ၂၄၅၀ ကျပ် နဲ့ အဆင့်မြင့် ဒီဇယ် တစ်လီတာကို ၂၄၉၅ ကျပ်ကနေ ၂၅၁၅ ကျပ် သို့  ဒီဇယ်နှစ်မျိုးလုံး၂၀ ကျပ်တိတိကျကျ ကို တိုးလာပါတယ်။

 

92 အောက်တိန်း တစ်လီတာကို ၂၅၈၅ ကျပ်မှ ၂၇၀၅ ကျပ်သို့ ၁၂၀ ကျပ် တိုး၍ လည်းကောင်း 95 အောက်တိန်း တစ်လီတာကို ၂၇၂၀ ကျပ်မှ ၂၈၄၅ ကျပ်သို့ ၁၃၅ ကျပ်တိုး၍ လည်းကောင်း ဓာတ်ဆီ ဈေးတွေဟာ ရာကျော် ဂဏန်းထိ ကို တက်ခဲ့တာပါ။

 

ဒီလို အနေအထားအရ နောက်တစ်ပတ်မှာ ဓာတ်ဆီဈေးတွေဟာ တစ်လီတာကို ၃၀၀၀ ကျပ် နီးပါးထိ တက်သွားမလားဆိုတာကတော့ CJ Platform မှ စောင့်ကြည့်နေပါတယ်။ စာဖတ်ပရိတ်သတ်ကြီးကကော ဘယ်လိုထင်ပါသလဲ။