“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (ဇန်နဝါရီ ၈ မှ ၁၃ အထိ)

Author လင်းနွေဦး
Categories
Published on Jan 13, 2024

ဒီဇယ်တက်၊ ဓာတ်ဆီကျတဲ့ စက်သုံးဆီဈေးကွက်

 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလို ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဖြစ်ခဲ့တဲ့ ဆီပြတ်လပ်မှုကြောင့် ကားတန်းရှည်ကြီးတွေ တန်းစီစောင့်ရတာမျိုး ဒီနှစ်ထဲ မမြင်ရတော့ပေမဲ့ တိုက်ပွဲပြင်းထန်ရာ ရခိုင်လို နယ်မြို့တွေမှာတော့ စက်သုံးဆီတွေ ပြတ်မြဲတက်ဆဲဖြစ်ပါတယ်။

 

ဆက်သွယ်ရေးတာဝါတိုင်တွေကို လည်ပတ်ဖို့ထားရှိတဲ့ မီးစက်တွေကိုတောင် ပုံမှန်ဆီမဖြည့်တင်းနိုင်လို့ ရခိုင်မြောက်ပိုင်း မြို့နယ်တွေမှာ အင်တာနက်ပြတ်တောက်မှုတွေ ကြုံတွေ့နေရတာ တစ်ပတ်ကျော်ရှိနေပါပြီ။

 

ရန်ကုန်မှာလည်း လိုသလောက်ဝယ်ယူ ရရှိနေပြီဆိုပေမဲ့ မီးပုံမှန်မလာတဲ့ ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ မီးစက်ကြီးတွေမှာ ဆီဖြည့်တင်းနိုင်အောင် သွားရောက်ဝယ်ယူတဲ့အခါ ကုမ္ပဏီပိုင်ရှင် တွေရဲ့ထောက်ခံစာနဲ့ လက်မှတ်ပါရှိမှသာ လိုသလောက်ဝယ်ယူခွင့်ရတယ်လို့ သိရပါတယ်။

 

“ရန်ကုန်မှာ ဟိုတစ်ခါတုန်းကလို တန်းစီရတာမျိုး အရမ်းစောင့်ရတာမျိုးတွေ မရှိတော့ပေမဲ့ ကုမ္ပဏီမှာ မီးစက် အတွက် လိုအပ်လို့ သွားဝယ်တဲ့အခါ ပိုင်ရှင် ဒါမှမဟုတ် CEO တွေရဲ့ လက်မှတ်ပါမှ လိုသလောက် ဝယ်ယူခွင့်ပေးတယ်။ သူတို့စိုးရိမ်တာ ဒီဆီတွေကို အပြင်မှာ ပြန်ရောင်းမှာကို စိုးရိမ်တာ” လို့ သာကေတမြို့နယ်က ကုမ္ပဏီကြီးတစ်ခုရဲ့ အသက် ၂၆ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

ဒီတစ်ပတ်ရဲ့ စက်သုံးဆီဈေးတွေကို အရင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၂၀ ကျပ်ကနေ ၂၃၆၀ ကျပ်နဲ့ ၄၀ ကျပ်နှုန်းတက်သလို အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၄၀၅ ကျပ်ကနေ ၂၄၃၀ ကျပ်နဲ့ ၂၅ ကျပ် နှုန်း မြင့်တက်လာတာကိုတွေ့ရပါတယ်။

 

အောက်တိန်းဈေးကွက်မှာတော့ အောက်တိန်း 92 တစ်လီတာကို ၂၅၃၅ ကျပ်ကနေ ၂၅၁၅ ကျပ်သို့ တစ်လီတာ ၂၀ ကျပ် ကျသလို အောက်တိန်း 95 တစ်လီတာကို ၂၆၃၅ ကျပ်ကနေ ၂၆၂၅ ကျပ်သို့ ၁၀ ကျပ် ကျသွားတာကို တွေ့ရပါတယ်။