“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Dec 30, 2023

“အောက်တိန်း အကျ၊ ဒီဇယ် အတက်နဲ့ နှစ်ကူးမယ့် စက်သုံးဆီ”

 

နှစ်ကုန်ခံနီးဖြစ်လို့ မြန်မာပြည်သားတွေအဖို့ ခရီးတွေသွားဖို့၊ “စိတ်သစ် လူသစ်”နဲ့ နှစ်သစ်ကိုစတင်ဖို့ ကြံစည်နေကြပါပြီ။ ဒီလိုကြံစည်နေကြတဲ့ မြန်မာပြည်သူတွေနောက်ကို တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ နှစ်သစ်အထိ မပြောင်းမလဲ လိုက်နေဦးမယ့် အရာတွေ ဖြစ်ပါတယ်။

 

ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး ရန်ကုန်လို မြို့ပြကြီးတွေကစလို့ နိုင်ငံတဝှမ်း ဆီပြတ်လပ်မှုတွေဖြစ်ခဲ့ပြီး လိုသလောက် ဝယ်မရတာကြောင့် စက်သုံးဆီဈေးတွေ ခုန်တက်သွားရတာမျိုးတွေ သတိထားမိကြမှာပါ။

 

“ဆီကတော့ အဲဒီလောက်မတိုးရတော့ဘူး။ ဒါပေမဲ့ ဆီဈေးကတော့ မကျဘူး။ အရင်လို ဆီတန်းမစီနေကြတော့ဘူး။ အရင်လောက်မဆိုးတော့ဘူးပေါ့နော်” လို့ ရန်ကုန်မြို့ သာကေတက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဒီဇင်ဘာနောက်ဆုံးအပတ်ရဲ့ နောက်ဆုံးရက်တွေမှာ ရန်ကုန်လိုမြို့ပြကြီးတွေမှာ စက်သုံးဆီတွေကို အရင်လို တန်းမစီရတော့ပေမယ့် တိုက်ပွဲပြင်းထန်ရာ ရခိုင်လို နယ်မြို့တွေမှာတော့ “တက်မြဲ ပြတ်ဆဲ” ပါပဲ။

 

“ဆီဈေးက ဘယ်ကသာ ကျဦးမှာလည်းဗျာ။ တစ်လီတာကို ၂၇,ဝ၀ဝ၊ ၂၈,ဝ၀ဝ။ ဆိုင်ကယ်နဲ့ ကားကို ဒီချိန်မောင်းနေနိုင်ရင် သူဌေးလို့ ပြောလို့ရတယ်” လို့ စစ်တွေမြို့နေ လူငယ်တစ်ဦးက ရင်ဖွင့်ပါတယ်။

 

ဒီတစ်ပတ်စစ်ကောင်စီရဲ့ ရည်ညွှန်းစက်သုံးစီဈေးတွေကို အရင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရိုးရိုး ဒီဇယ် တစ်လီတာကို ၂၄၁၀ ကျပ်ကနေ ၂၄၄၀ ကျပ်ကိုလည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၄၆၅ ကျပ်ကနေ ၂၄၈၀ ကျပ်ကို လည်းကောင်း တက်ခဲ့ပါတယ်။

 

အောက်တိန်း 92 တစ်လီတာကတော့ ၂၅၆၀ ကျပ်ကနေ ၂၅၅၀ ကျပ်သို့ လည်းကောင်း၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၆၆၀ ကျပ်ကနေ ၂၆၅၅ ကျပ်သို့လည်းကောင်း မဆိုစလောက် အကျပြခဲ့ပါတယ်။

 

ဒါကြောင့်နှစ်သစ်မှာ မြန်မာပြည်သူတွေအဖို့ ဘယ်လောက်ပဲ ပြောင်းလဲမှုအသစ်တွေလုပ်ဖို့ ရည်ရွယ်ပေမယ့် စက်သုံးဆီဈေးကတော့ ပြောင်းလဲသွားဖို့အလားအလာ မမြင်ရသေးပါဘူး။