“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 23, 2023

“ပြတ်မြဲ ပြတ်ဆဲ စက်သုံးဆီ”

 

ဒီတစ်ပတ် ဒီဇင်ဘာ တတိယပတ်ထဲ စက်သုံးဆီ အောက်တိန်း 92 လိုသလောက် ပြန်ရပေမယ့် အောက်တိန်း 95 လိုသလောက် မရသလို ရိုးရိုး ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်တွေကတော့ ပြတ်လပ်သွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ သောကြာ၊ စနေမှာတော့ ရွှေပြည်သာ၊ လှိုင်သာယာတို့က ဆီဆိုင်တွေမှာတော့ ဘေးတွဲဆိုင်ကယ်တွေကို တိုင်ကီအပြည့်ရောင်းချပေးနေရာကနေ တစ်စီး ၃၀၀၀ ဖိုးပဲ ရောင်းချပေးသလို တစ်ကြိမ်သာ တန်းစီ ဝယ်ယူခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“၃၀၀၀ ဖိုးပဲရတယ်ဗျာ။ ဘာဖြစ်ပြန်ပြီလဲမသိဘူး။ ထပ်တန်းစီလို့လည်း မရဘူး” လို့ ဘေးတွဲမောင်းသူတစ်ဦးက သောကြာနေ့က ပြောပါတယ်။

 

ဈေးနှုန်းတွေဘက်မှာဆိုရင် ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့အထိ အကျဈေးနဲ့ရောင်းပေးနေတဲ့ စက်သုံးဆီဈေးတွေအားလုံး ပြန်လည်မြင့်တက်လာခဲ့ကြပါတယ်။ တစ်လီတာ ၂၄၄၅ ကျပ်နဲ့ ရောင်းနေတဲ့ အောက်တိန်း 92 တစ်လီတာ ၂၅၆၀ ကျပ်၊ တစ်လီတာ ၂၅၄၅ ကျပ်နဲ့ရောင်းနေတဲ့ အောက်တိန်း 95 တစ်လီတာ ၂၆၆၀ ကျပ်အထိတက်သလို ဒီဇယ်ဈေးတွေဟာလည်း ရိုးရိုး ဒီဇယ် တစ်လီတာ ၂၁၈၅ ကျပ်ကနေ ၂၄၁၀ ကျပ်ကိုလည်းကောင်း၊ အဆင့်မြင့် ဒီဇယ် တစ်လီတာ ၂၂၄၀ ကျပ်ကနေ ၂၄၆၅ ကျပ်အထိ မြင့်တက်သွားတာပါ။

 

ဒါကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ စက်သုံးဆီဈေးကွက်မှာ အသုံးပြုသူတွေဟာ ဈေးတက်တာထက် ပုံမှန်ဆီရရေးကိုပဲ မျှော်လင့်နေကြရပါတယ်။