“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Feb 25, 2024

“တက်မြဲ တက်ဆဲ နိုင်ငံခြားငွေ”

 

ဖေဖော်ဝါရီ လဆန်းပိုင်းက စလို့ တအိအိ ကျဆင်းခဲ့တဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဟာ ပြီးခဲ့တဲ့ တစ်ပတ် ကနေ စတင်ပြီး ပြန်တက်ခဲ့ရာက ခုတစ်ပတ်မှာလည်း ဆက်တိုက်ဆိုသလို တက်မြဲ တက်ခဲ့ပါတယ်။

 

ပြီးခဲ့တစ်ပတ်တုန်းက တစ်ဒေါ်လာ ၃၅၇၀ အထိ တက်ခဲ့တဲ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာ ၄၀ကျပ် နှုန်း တက်ခဲ့သလို တစ်ဒေါ်လာ ၂၆၃၀ ထိ တက်ခဲ့တဲ့ စင်ကာပူ ဒေါ်လာ လဲလှယ်နှုန်း ဟာလည်း တစ်ဒေါ်လာ ကို မြန်မာငွေ ၃၀ ကျပ်နှုန်း တက်လာခဲ့ ပါတယ်။

 

ဇန်နဝါရီလ တစ်လလုံး အတွင်း တစ်ဒေါ်လာ ၂၆၀၀ ဝန်းကျင်မှာ တည်ငြိမ်ခဲ့တဲ့ စင်ကာပူ ဒေါ်လာ လဲလှယ် နှုန်း ဟာ ပုံမှန်ထက် အနည်းငယ် ပိုတက်လာတယ် လို့ ပြောရမှာပါ။

 

ထိုင်းတစ်ဘတ်ဟာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲ တစ်ဘတ် ၉၉ ကျပ် အောက်ရောက်ခဲ့ရာကနေ ခုတစ်ပတ်မှာတော့ တစ်ဘတ်ကို မြန်မာ ငွေကျပ် ၁၀၁ ကျပ် အထိ ရောက်ရှိခဲ့ပြီး မလေးရှား ရင်းဂစ် ဟာလည်း ထပ် တက်ခဲ့သလို ပြီးခဲ့တဲ့ အပတ်က တရုတ် ယွမ် ဟာလည်း ခုတစ်ပတ် မှာတော့ တက်လာခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၁၀ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေဟာ ကာလရှည်ကြာ မြန်မာပြည်တွင်းက ပြည်သူတွေအပေါ် ကို ရိုက်ခတ်မှု ရှိနေမှာ ဖြစ်ပြီး ပြည်ပထွက်လိုတဲ့ လူငယ်ပိုင်းတွေ အာဏာသိမ်းစဥ်ကထပ် အဆမတန် များပြားလာမှုကြောင့် ယခုလို နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းတွေ တက်နေရတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ စီးပွားရေး ပညာရှင်များက သုံးသပ်ပြောဆိုနေကြတာပါ။

 

ဒီတစ်ပတ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ စနေ့နေ့အထိ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၆၁၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၆၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၁ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ သုည ၅ ကျပ်၊ တရုတ် တစ်ယွမ် ၅၀၀ ကျပ် တိတိ နဲ့ မလေးရှား တစ်ရင်းဂစ်ကို ၇၆၂ ကျပ် ဖြစ်ပါတယ်။