ထောင်များတွင် ဧည့်တွေ့ခွင့်ပြုသော်လည်း ကန့်သတ်ချက်များနေ၍ မိသားစုဝင်များ အခက်တွေ့

Author အဂ္ဂ
Categories
Published on Oct 24, 2023

မြန်မာနိုင်ငံတဝန်းရှိ ထောင်များတွင် ယနေ့(အောက်တိုဘာ ၂၄ ရက်)နေ့မှစ၍ ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုပြီဖြစ်သော်လည်း ကန့်သတ်ချက်များရှိနေသောကြောင့် မိသားစုဝင်များ အခက်တွေ့နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

အကျဉ်းဦးစီးဌာနမှ ဧည့်တွေ့မည့် မိသားစုများအနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ ရက်သတ္တပတ်အတွင်းပြုလုပ်ထားသည့် ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာမူရင်း၊ တစ်ပတ်အတွင်းပြုလုပ်ထားသည့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ၂ ကြိမ်ထိုးနှံပြီးစီးကြောင်း ထောက်ခံစာနှင့် နိုင်ငံတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်နှုန်း (၂) ရာခိုင်နှုန်း အထက်ဖြစ်နေပါက ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါကင်းရှင်းကြောင်း ဆေးစစ်မှတ်တမ်းတို့ လိုအပ်ကြောင်း ကန့်သတ်ထားသည်။

” ဧည့်တွေ့ခွင့်ရတော့ ကောင်းတော့ကောင်းပေမယ့် အဆင်မပြေပါဘူး။ ထောက်ခံစာတွေပေါ့။ ၄၈ နာရီအတွင်းလုပ်ထားတဲ့ ကိုဗစ်ထောက်ခံစာတဲ့။ အဲဒီထောက်ခံစာက တစ်ခါလုပ်ရင် နှစ်သောင်းခွဲကုန်တယ်။ ပြီးတော့ ရပ်ကွက်ထောက်ခံစာ၊ ရဲထောက်ခံစာတွေလည်း သွားလုပ်ရင် လက်ဖက်ရည်ဖိုးဆိုပြီး ပေးရသေးတယ်။ တစ်လတစ်လ ထောင်ဝင်စာတောင် မနည်းပို့နေရတာလေ။ ဒီလိုတွေဆိုတော့ ဘယ်အဆင်ပြေမလဲ ” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခံရသူ အများအပြားရှိလာပြီး ယခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ စာရင်းများအရ ၁၉,၆၀၃ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ ၇,၈၀၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ထုတ်ပြန်ချက်အရ သိရသည်။