ထိုင်း-မြန်မာနယ်စပ် စာသင်ကျောင်းတစ်ခုတွင် (၅)နှစ်မြောက် လူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

Author CJ Platform
Categories
  • Photo News
Published on Aug 25, 2022

🖋CJ-002

 ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ ၂၀၁၇ခုနှစ်တွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည့် ၅နှစ်မြောက်ဖြစ်သည့် ယနေ့ ဩဂုတ်လ ၂၅ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာရှိ စစ်ဘေးရှောင်ကလေးငယ်များအတွက် ဖွင့်လှစ်ထားသည့် ရွေ့ပြောင်းစာသင်ကျောင်းတစ်ခုတွင် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  စာသင်ကျောင်းရှိ ကလေးငယ်များမှာ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လုပ်ဆောင်မှုအပေါ် အထူးဝမ်းနည်းကြောင်း စာသားများ ကိုင်ဆောင်ကာ အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည်။

  “ဗမာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု့တွေကို ငြင်းမရတဲ့အမှန်တရားအနေနဲ့ တစ်ကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်တွေ့ရနေပါပြီ။ အရင်တစ်ချိန်တုန်းက ကိုယ့်ဘာသာမတူရင် မိစ္ဆာဒိဌိ ဆိုတဲ့အယူဝါဒတွေ။ ဘာသာခြားတွေကိုသတ်ရင် ငရဲမကျဘူးဆိုတဲ့ မှိုင်းတိုက်တဲ့အယူဝါဒတွေကိုလဲ ကျွန်တော်တို့ လူ့အသိုင်းဝျုင်းတစ်ခုလုံး ဖျောက်ပစ်ဖို့လိုနေပါပြီ။ အခုဆို မကြာသေးမီအချိန်က စစ်ကိုင်းတိုင်းမှာလဲ လူမျိုးသုန်းသတ်မယ်ဆိုတဲ့စာသားတွေကို တွေ့ရပါတယ်။ အခုလို ရိုဟင်ဂျာအရေးလို ဗမာပြည်မှာ ထပ်မဖြစ်ဖို့ အာဏာရှင်ကို အမြစ်ကလှန်ပြီး တွန်းလှန်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးဆောင်ကျင်းပသူ ဆရာသားထက်ကပြောသည်။

  မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် သိန်းနဲ့ချီသည့် ရခိုင်ဒေသခံရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်အတွင်းမှ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရတာဟာ ယနေ့ဆိုရင် (၅)နှစ်ပြည့်ခဲ့ပြီ ပဲဖြစ်သည်။