ထလင်းရွာဘက် ရိက္ခာရှာဖွေရန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ လေးဦးသေ

Author မင်းထက်
Categories
Published on Apr 05, 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထလင်းရွာတောင်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၄ ရက် နံနက် ၇နာရီခွဲအချိန်အချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က CJ Platform သို့ ပြောသည်။

 

ဧပြီလ ၃ ရက် ည ၁၀နာရီခန့်က ထီးလင်းမြို့မှ  ထွက်လာလေသာ အင်အား ၇၀ပါ စစ်ကြောင်းသည် ည ၁၁ နာရီခန့်တွင် ထလင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့ပြီး ၄င်းစစ်ကောင်စီတပ်သားများသည် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းလုယက်ခဲ့သည်ဟု ဆိုသည်။

 

ယင်းစစ်ကြောင်း ဧပြီ ၄ရက် နံနက် ၇နာရီခွဲခန့်တွင် ထလင်းကျေးရွာမှ ထီးလင်းမြို့သို့ ပြန်လာစဥ် တော်လှန်ရေးရဲဘော်များစီစဉ်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်လာသော စစ်သား ၁၂ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ရှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စစ်ကြောင်းက မနက်ခင်း ခုနစ်နာရီလောက်မှာ ရွာကစထွက်တာပေါ့ ၊ စစ်ကြောင်း နှစ်ကြောင်းပုံစံမျိုး နဲ့ထွက်လာတယ်။  တပ်စိတ်(၁၂)က စင်ထားတဲ့ မိုင်းကွင်းထဲရောက်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာ၊မနေ့က ထီးလင်းကို ပြန်ရောက်သွားတယ်။ ဒီနေ့ မနက်ပဲ စစ်ကြောင်းထပ်ထွက်ပြီး အနောက်ဘက်ကျေးရွာဘက်ကို ရိက္ခာရှာဖို့ ပြန်ထွက်သွားတယ်လို့ သိရတယ်” ဟု YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က ပြောသည်။

 

ယင်း လုပ်ဆောင်မှုကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၅ ၊ ၁၆ ၊ ၁၇ -YRA ထီးလင်းတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Yaw Revolution Army

 

Related News

Depend on news