“တော်လှန် သင်္ကြန်လား၊ အပျော် သင်္ကြန်လား”

Author မောင်ဒဂုံ
Categories
Published on Apr 09, 2023

မြန်မာနှစ်သစ်ကူးကာလ ဖြစ်တဲ့ မဟာသင်္ကြန်ကာလ မကြာခင်ကျရောက်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တတိယမြောက် သင်္ကြန်ကာလကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။

ရှေ့ နှစ်နှစ်မှာ ပထမ တစ်နှစ်ကတော့ စစ်ကောင်စီက မဏ္ဍပ်တွေ အထိုးပြပြီးကာမှ ကိုဗစ်ကြောင့် ဆိုပြီး သင်္ကြန်ပွဲကို မကျင်းပဖို့ ကြေညာခဲ့ပါတယ်။

ဆန္ဒပြသပိတ်တွေ ပူပူနွေးနွေး အကြမ်းဖက် ဖြိုခွဲခံထားရချိန် ဖြစ်ပြီး သင်္ကြန်ကာလ အသံတိတ်သပိတ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ နှစ်မှာတော့ စစ်ကောင်စီက ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ မဏ္ဍပ်တွေ ဆောက်ပြီး သင်္ကြန်ပွဲကို အသက်သွင်းပြဖို့ ကြံစည်ခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်က သူတို့ လွှမ်းမိုးထားနိုင်တဲ့ မြို့နယ်တွေမှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မဏ္ဍပ်တွေ ဆောက်ခိုင်းပြီး ရေပက်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် လူထုအကြားမှာတော့ ရပ်ကွက်တွေထဲ ကလေးသူငယ်တွေ ဟိုတစ်စ ဒီတစ်စ ရေပက်ကြတာက လွဲလို့ စည်စည်ကားကားတော့ မဖြစ်ခဲ့ပါဘူး။

ဒီနှစ်မှာလည်း စစ်ကောင်စီဘက်က သင်္ကြန် စည်ကားအောင် စီစဥ်ပြုလုပ်တာတွေ ရှိလာနေပါတယ်။

“သာမာန်ပြယုဂ်အတွက် သင်္ကြန်ကို အသုံးချမယ့် စစ်ကောင်စီ”

အာဏာသိမ်း သက်တမ်း သုံးနှစ်ထဲ ကိုဝင်လာပေမယ့် စစ်ကောင်စီဟာ ယခု အချိန်ထိ အားကောင်းတဲ့ တော်လှန်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီ တော်လှန်မှုတွေထဲမှာ လက်နက်ကိုင် တော်လှန်မှုတွေ အပြင် လူထုက စစ်ကောင်စီကို အသိအမှတ်မပြုပဲ ပစ်ပယ်ထားတဲ့ တော်လှန်မှုလည်း ပါဝင်ပါတယ်။

ဒါကြောင့် မနှစ်က ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်၊ နိုင်ငံတကာ နှစ်သစ်ကူးပွဲ စတဲ့ တစ်နိုင်ငံလုံး ပါဝင် ဆင်နွှဲလေ့ရှိခဲ့တဲ့ ပွဲတော်တွေက စစ်ကောင်စီ လက်ထက်မှာတော့ ခြောက်ကပ်နေခဲ့တာကို တွေ့ရပါတယ်။

တစ်ဖက်မှာ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက် ဖိနှိပ်ဖြိုခွဲနေရင်း စစ်ကောင်စီဟာ တစ်ဖက်ကလည်း မြို့ကြီးတွေမှာ နေထိုင်တဲ့ လူထုကို အပျော်အပါး ပွဲတော်တွေ ဖန်တီးပေးပြီး တော်လှန်ရေးနဲ့ ကင်းကွာအောင် ပြုလုပ်နေခဲ့ပါတယ်။

မြို့ကြီးတွေမှာ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ စည်ကားပြနေခြင်းဟာ တောတောင်တွေထဲ ပင်ပန်းဆင်းရဲစွာ နေထိုင် တော်လှန်နေတဲ့ သူတွေ အပေါ် စိတ်ဓာတ်ကျဆင်းစေတယ်လို့ စစ်ကောင်စီဘက်က ရှုမြင်ထားပုံ ရပါတယ်။

ဒါ့အပြင် ဒီလို အယောင်ပြ စည်ကားမှုတွေက စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းကြားထဲမှာ တော်လှန်ရေးကို ပုံဖျက် ဝါဒဖြန့်လို့ရတဲ့ အကောင်းဆုံး အကြောင်းအရာတွေ လည်း ဖြစ်ပါတယ်။

စစ်လော်ဘီတွေက ဒီ အယောင်ပြ စည်ကားမှု ပုံရိပ်တွေကို အသုံးချပြီး အေးချမ်းစွာနေလိုသော လူထု ပုံစံ ဝါဒဖြန့်ပါတယ်။ ဒီ အေးအေးချမ်းချမ်း နေလိုသူတွေဟာ တော်လှန်နေသူတွေကြောင့် စိတ်ပျက်နေရပါတယ် ဆိုပြီးလည်း ဝါဒဖြန့်တတ်ပါတယ်။

ဒီလို ဝါဒဖြန့်တာတွေက စစ်တပ်အသိုင်းအဝိုင်းနဲ့ တော်လှန်လိုစိတ်နည်းသူတွေ အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။

သူတို့တွေဟာ စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်တဲ့အတိုင်း သူတို့ကိုယ်တိုင်က ငြိမ်းချမ်းစွာနေလိုတဲ့ စစ်ပွဲတွေကို ရှောင်ရှားလိုတဲ့ သာမာန်​ပြည်သူတွေဆိုပြီး ခံယူမိကုန်ပါတယ်။

ဒီ အယူအဆကို စစ်ကောင်စီဟာ လူထုအကြား စိမ့်ဝင်အောင် ဝါဒဖြန့်လျက် ရှိနေတာဖြစ်ပြီး ဒီ အယူအဆကို လက်ခံ မိခြင်းဟာ တော်လှန်ရေးနဲ့ ကင်းကွာသွားတော့မယ့် အကြောင်းအရင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီဟာ လူလာလာ မလာလာ ပွဲတွေကို လုပ်ပြပါတယ်။ ပျော်ပွဲ ရွှင်ပွဲ၊ ဘာသာရေး ပွဲ ပွဲတော်ဟူသမျှ ခွင့်ပြုပေးပါတယ်။

စစ်လော်ဘီတွေကလည်း တစ်ရာ လာရင် တစ်သောင်း အဖြစ် ပုံကြီးချဲ့ပြီး ငြိမ်းချမ်းစွာ နေလိုသူများနေတဲ့ ဝါဒဖြန့်ပါတယ်။

အခုလည်း စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လို မြို့ကြီးတွေမှာ မဏ္ဍပ်တွေ ဆောက်လာနေပါတယ်။

သူတို့ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ထောက်ခံသူတွေကလည်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ရေသဘင်ပွဲ ဆင်နွဲကြဖို့ရာ အားတက်သရော ပြင်ဆင်နေကြပါတယ်။

စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ အနုပညာရှင် တွေကလည်း ဒီ သင်္ကြန်မှာ စစ်ကောင်စီဘက်က အားဖြည့်ပေးဖို့ အသင့် ဖြစ်နေပါတယ်။

မနှစ်ကတော့ စစ်ကောင်စီဟာ ရေပက်ခံကား တစ်စီးထဲကို အကြိမ်ကြိမ် ရေပက်ခံထွက်ပြရတာမျိုး ဖြစ်တဲ့အထိ အရှက်တကွဲ ဖြစ်ခဲ့ပါသေးတယ်။

ဒီနှစ်မှာရော ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ…..။

“ခပ်တိုးတိုး ကြားနေရတဲ့ သင်္ကြန်သီချင်းသံတွေ”

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံး အပတ်တွေထဲ လက်ဖက်ရည်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေလို နေရာတွေမှာ သင်္ကြန်သီချင်းသံတွေကို ကြားလာရပါတယ်။

YBS တွေပေါ်မှာလည်း အချို့ ယာဥ်မောင်းတွေက ဖွင့်နေကျ သီချင်းတွေနေရာမှာ သင်္ကြန်သီချင်းတွေ ကို ပြောင်းလဲ ဖွင့်လာကြတာလည်း တွေ့နေရပါတယ်။

နေအိမ်တွေမှာလည်း သင်္ကြန်တေးသံတွေက ယခုလဆန်းကာလတွေမှာ ပိုမို ကြားလာရပါတယ်။

ယခင်နှစ်တွေက သင်္ကြန်အတွက် ပြင်ဆင်ခဲ့တဲ့ အမှတ်တရတွေကိုလည်း လူမှုကွန်ယက်တွေမှာ ပြန်လည်မျှဝေတာတွေနဲ့ သင်္ကြန် အငွေ့အသက်တွေကတော့ တစ်စ တစ်စ ပိုမို လွှမ်းချုံလာနေပါတယ်။

လူငယ်တွေရဲ့ ဖုန်း Ringtones တွေမှာ သင်္ကြန် သီချင်းတွေ နေရာယူတတ်တာကလည်း နှစ်စဥ် မဟာသင်္ကြန်ကာလရဲ့ အလေ့အထတစ်ခု ဖြစ်ပြီး ယခုနှစ်မှာလည်း ဒီ အလေ့အထကို မြင်တွေ့​နေရပါတယ်။

ယခင့် ယခင် နှစ်တွေတုန်းကလို အုန်းအုန်းကျွတ်ကျွတ် သင်္ကြန်ပွဲတော် ဆင်နွှဲဖို့ ပြင်ဆင်ကြတာမျိုး မတွေ့ရပေမယ့် Shopping Mall ကြီးတွေမှာတော့ သင်္ကြန်ကာလ အရောင်းမြှင့်တင်ရေး ပွဲတွေနဲ့ ရောင်းသူ ဝယ်သူတွေတော့ စည်စည်ကားကားတော့ ရှိနေပါတယ်။

အဝတ်အထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေကို Discount များများ ချပြီး ရောင်းချတဲ့ နှစ်သစ်ကူး စျေးရောင်းပွဲတော်တွေက တိုးကြိတ်ဝယ်ယူသူတွေ အများအပြားတော့ ရှိနေဆဲပါ။

သင်္ကြန်ကာလအတွင်း စျေးဝယ်ထွက်ဖို့ မလွယ်ကူတာကြောင့် အခုလို အချိန်ကတည်းက အိမ်ရှင်မတွေက သင်္ကြန်ကာလအတွက် စားသောက်ကုန် အခြောက်အခြမ်းတွေ ကြိုတင်ဝယ်ယူထားလေ့ ရှိပါတယ်။

သင်္ကြန်ကာလအတွင်း စတုဒီသာ အလှူပေးဖို့အတွက်လည်း လိုအပ်တဲ့ စားသောက်ကုန်တွေကို သင်္ကြန်မတိုင်ခင်ကတည်းက ဝယ်ယူကြလေ့ ရှိပါတယ်။

ဒါပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းမှုက သင်္ကြန်ပွဲကို သုံးနှစ်ဆက် တိတ်ဆိတ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်စဥ်တွေရဲ့ ရိုက်ခတ်မှုက လူထုကို စီးပွားရေး အကျပ်အတည်းထဲ ပိတ်လှောင်သွားစေခဲ့ပါတယ်။

ဒါကြောင့်လည်း သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့ပေမယ့် ထန်းလျက်၊ သကြား၊ အုန်းသီး တို့လိုမျိုး သင်္ကြန်ကာလ အလှူပေး တတ်တဲ့ မုန့်လုပ်ဖို့ လိုအပ်တဲ့ စားသောက်ကုန် စျေးကွက်က ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ယခင် ကိုဗစ်မတိုင်ခင်ကတော့ ဧပြီ ပထမ ပတ် ကုန်လောက်ကတည်းက ဒီ စားသောက်ကုန်တွေ အရောင်းသွက်လေ့ ရှိခဲ့ပါတယ်။

ဒါတွေ အပြင် သင်္ကြန်ရေပက်တဲ့ ကစားစရာ ပစ္စည်းစျေးကွက်မှာလည်း မနှစ်ကထက် ဝယ်လိုအား တက်လာပေမယ့် ကိုဗစ်မတိုင်ခင်ကနဲ့ ယှဥ်လျင်တော့ အဆများစွာ ကွာနေတုန်းပဲလို့ သိရပါတယ်။

ကမ်းခြေတွေမှာကတော့ နှစ်စဥ် အစဥ်အလာမပြတ် ဆက်လက် စည်ကားမယ့် ဟန် အပြည့်တော့ ရှိနေပါတယ်။ သင်္ကြန်ရောက်ဖို့ တစ်ပတ်ကျော်လိုသေးပေမယ့် ချောင်းသာ၊ ငွေဆောင် တို့က ဟိုတယ်တွေမှာ ဘွတ်ကင်တွေ အပြည့် ဖြစ်နေပြီလို့ သိရပါတယ်။

မီးရထားလိုင်းတွေ၊ အဝေးပြေယာဥ်လိုင်းတွေနဲ့ ပြည်တွင်း သင်္ဘောလိုင်းတွေမှာ သင်္ကြန်ကာလ မတိုင်ခင် အတွက် ကြိုတင်လက်မှတ်ဖြတ်သူတွေ များနေပါတယ်။

အဝေးပြေယာဥ်လိုင်းတွေမှာ စီးနင်းခ ခေါင်ခိုက်နေတာကြောင့် သင်္ကြန်ပိတ်ရက် အိမ်ပြန်ချင်သူတွေ အတွက် မီးရထား၊ သင်္ဘောတွေက ပိုပြီး သက်သာပါတယ်။

ဒါပေမယ့် အထည်ချုပ် လုပ်သားတွေလို ဝင်ငွေနည်း အလုပ်သမား လူတန်းစား အများအပြားကတော့ မြို့ပြက ကျောချစရာ နေရာတစ်ခုမှာပဲ သင်္ကြန်ကာလ ဖြတ်သန်းရင်း အိမ်ပြန်ဖို့ ဝေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားရေး လှုပ်ရှားသူ တွေက ခရီးစားရိတ်တွေ ကြီးမြင့်တာက အလုပ်သမားတွေ သင်္ကြန်ပိတ်ရက် အိမ်မပြန်ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မကွေး တို့လို့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက်လည်း နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတာကြောင့် သင်္ကြန်ကာလ တိတ်တဆိတ် အိမ်လွမ်းရင်း ဖြတ်သန်းဖို့ ရှိနေကြပါတယ်။

“တော်လှန်သင်္ကြန်”

တော်လှန်ရေး ရဲဘော်တွေကတော့ ဒီနှစ် သင်္ကြန်ကို အပျော် သင်္ကြန် မလုပ်ကြပဲ တော်လှန် သင်္ကြန် လုပ်ကြဖို့ လူထုကို တိုက်တွန်း ဆော်သြနေပါတယ်။

နှစ်ခြောက်ဆယ်ကျော် အနိုင်ကျင့်လာတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နေတာကို မမေ့ကြဖို့လည်း သတိပေးလျက် ရှိပါတယ်။

လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ စစ်ခေါင်းဆောင်တွေ၊ စစ်အုပ်စုတွေရဲ့ အကျိုးစီးပွား လက်မလွှတ်လိုမှု ခေါင်းပုံဖြတ် မောင်ပိုင်စီးမှုတွေကြောင့် ဖြစ်နေရတယ် ဆိုတာ မမေ့ကြဖို့ တော်လှန်ရေး ရဲဘော်တွေက အလို ရှိကြပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီ မဏ္ဍပ်တွေစီ သွားပြီး ပျော်ပါးကြတာမျိုး မလုပ်ပဲ စစ်အုပ်စုနဲ့ မပတ်သတ်တဲ့ တော်လှန် သင်္ကြန်ကိုသာ ဆင်နွဲဲ ကြဖို့ တော်လှန်ရေး ရဲဘော်တွေက တိုက်တွန်းထားပါတယ်။

“သင်္ကြန် အလားအလာ”

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တော်လှန်ရေး အင်အားစု အချို့က တပ်တွင်း မဏ္ဍပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ အသင့်ဖြစ်နေပြီ လို့ ထုတ်ပြောလာပါတယ်။

ပြည်သူတွေကိုလည်း တပ်တွင်းမဏ္ဍပ်တွေစီ မသွားကြဖို့ လည်း သတိပေးထားတာကို တွေ့ရပါတယ်။

စစ်လော်ဘီတွေကလည်း ဒီ အချက်ကို ကိုင်ပြီး သင်္ကြန်ကို အကြမ်းဖက်မယ့် သူများ အသွင် ဝါဒ ဆက်တိုက် ဖြန့်နေတာကို တွေ့ရပါတယ်။

စစ်လော်ဘီတွေက ဒီနှစ် သင်္ကြန်မှာ ပေါက်ကွဲမှုတွေ ဖြစ်လာရင် တော်လှန်ရေး အင်အားစုတွေ အကြမ်းဖက်ကြောင်း ကမ္ဘာသိအောင် ပြနိုင်တာ ဖြစ်တယ် ဆိုတာမျိုးလည်း လတ်တလော ဝါဒဖြန့်ချီမှုတွေမှာ တွေ့လာရပါတယ်။

ပြည်သူတွေ အကြားမှာတော့ ရပ်ကွက်တွေ အလိုက် အကျဥ်းချုံး သင်္ကြန် ဆင်နွှဲချင်လိုသူတွေ များနေပြီး စစ်ကောင်စီ မဏ္ဍပ်တွေစီ သွားရန် စီစဥ်ထားတာမျိုး မတွေ့ရသေးပါဘူး။

နှစ်စဥ် သင်္ကြန်ကာလ ရေပက်ခံ ထွက်ရန် ကား အမိုးဖြုတ် ပြုပြင်တဲ့ လုပ်ငန်းဟာ ကိုဗစ် စဖြစ်ချိန်ကစပြီး ရပ်တန့်သွားတာ ဒီနှစ် မှာလည်း လုပ်ငန်း အပ်တာတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဒါက လူထုဟာ စစ်ကောင်စီ ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ ပါဝင် ပတ်သတ်လိုစိတ် မရှိတာကို ပြနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပုဂ္ဂလိက မဏ္ဍပ် အချို့ ‌ဆောက်လုပ်လာတာတွေ တွေ့နေရပြီး လက်မှတ်ရောင်းချတာတွေလည်း ရှိနေပါတယ်။

ဒီ ပုဂ္ဂလိက မဏ္ဍပ်တွေမှာ သွားရောက် ရေ ကစားမယ့်သူ ရှိ မရှိကတော့ သင်္ကြန်ကာလမှာပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရှေ့နှစ်နှစ်ဆက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အသုံးချပြီး သာမာန် အခြေအနေ အဖြစ် ပုံဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့် လူထုရဲ့ ပြတ်သားတဲ့ ဆန့်ကျင်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

ယခုနှစ် သင်္ကြန်ပွဲတော်မှာလည်း တော်လှန် သင်္ကြန် ဖြစ်မလား၊ အပျော် သင်္ကြန်ဖြစ်မလားကတော့……၊။