တော်လှန်ရေး အရှိန်တက်လာသည်နှင့် အမျှ ရင်ဆိုင်ဖြေရှင်းရမည့် အရေးကိစ္စများ များပြားလာကြောင်း NUGဆို

Author လင်းခိုင်
Categories
Published on Oct 11, 2022

တော်လှန်ရေး အရှိန်တက်လာသည်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းရမည့် အရေးကိစ္စများ များပြားလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၇၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က လာမည့် တစ်နှစ်တာကာလသည် တော်လှန်ရေးအား အဆုံးအဖြတ်ပေးမည့် နှစ်အနေဖြင့် ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအ၀င် တော်လှန်ရေးအင်အားစုများ ညီညီညာညာ ဟန်ချက်ညီညီ အစွမ်းကုန်ကြိုးစားသွားရမည်ဖြစ်ပြီး၊ အချို့သည် တစ်နှစ်တာကာလအတွင်း ဖြစ်နိုင်မလားဆိုသည်ကို စိုးရိမ်ပူပန်မှုများရှိနေကြောင်း ပြောကြားသည်။

ထို့ပြင် အခက်အခဲ၊ ကြမ်းတမ်းမှုများသည် ၂၀၂၁ ဖေဖော်ဝါရီကတည်းက ပြည်သူအားလုံး ရင်ဆိုင်ခဲ့ရပြီး ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားမှုသည် လက်ရှိအချိန်ထိဖြစ်ကြောင်း၊ ယုံကြည်မှုတစ်ခုတည်းကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး တိုက်ပွဲ၀င်နေသည့် ပြည်သူများသည် အုပ်ချုပ်ရေးအာဏာကို လုယူထားသည့် စစ်ကောင်စီအား တစ်နှစ်ရှစ်လကျော်ကာလအထိ တွန်းလှန်နိုင်ခြင်းသည် မှတ်တမ်းတင်ရမည့် သမိုင်းမှတ်တမ်းတင်ရမည်ဖြစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

ယင်းအပြင်တော်လှန်ရေးအရှိန်တက်လာသည်နှင့် အမျှ ရင်ဆိုင်ဖြေရှင်းရမည့် အရေးကိစ္စများသည် များပြားလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအရဖြေရှင်းရမည့် အရေးကိစ္စများရှိသလို စစ်ရေးအရဖြေရှင်းရမည့် ကိစ္စများလည်းရှိကြောင်း၊ စစ်ကောင်စီကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားခဲ့သည်။