တော်လှန်ရေးအနုပညာရှင်များ စုပေါင်း၍ ရန်ပုံငွေ Show ပွဲပြုလုပ်မည်

Author ခွန်စစ်နိုင်
Categories
Published on Oct 02, 2023

တော်လှန်ရေး အနုပညာအင်အားစုများဖြစ်ကြသည့် မူးလာ၊ တိုးကြီး(The Voice Myanmar)၊ နွေလင်းဟန်(Voice Over Artist)၊ သစ်နောင်နောင်၊ ကိတ်၊ ကဗျာဆရာ သင့်သူ၊ Dr.ကိုကိုဦး၊ ရဲလင်း၊ စိုင်းခမ်းလုံတို့စုပေါင်း၍ ရန်ပုံငွေရှာဖွေပွဲတော်တစ်ခု အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ပြည်သူတွေကို ကျွန်တော်တို့အခုလုပ်နေတဲ့ Show ပွဲလေးနဲ့ စိတ်ထွက်ပေါက်ပေးရင်း၊ ကျွန်တော်တို့ဒေသခံအဖွဲ့အတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ်ပြီးလုပ်ဖြစ်တာပါ။ ဒီပွဲလေးကို ကျွန်တော်တို့ ဖြစ်သလို အဖြစ်လေးလုပ်ထားတာမဟုတ်ဘဲ သေသေချာချာလေး စီစဉ်ထားတဲ့အတွက် ဒီ show ပွဲကို အားပေးကူညီကြပါဦးလို့ ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် အဆိုတော် စိုင်းခမ်းလုံက ပြောသည်။

ယင်းနေ့ မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲတွင် Facebook Private Group မှတစ်ဆင့် တိုက်ရိုက် Live လွှင့်ကာ တင်ဆက်သွားမည်ဖြစ်ပြီး ရရှိသောရန်ပုံငွေများကို Triple-K (ကော့ကရိတ် PDF)ထံသို့ ပြန်လည်လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Show ပွဲလက်မှတ်များကို တာလပေါ့ Page တွင် ဝယ်နိုင်သကဲ့သို့ ၎င်း၏ဖေ့ဘုတ်အကောင့်မှလည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် မြန်မာငွေ ၂၀,၀၀၀ကျပ်၊ ထိုင်းဘတ် ၂၅၀၊ စင်ကာပူ ၁၅ ဒေါ်လာနှင့် အမေရိကန် ၁၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။

အထူးအစီစဉ်အနေဖြင့် ယင်းပွဲတွင်ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသည့် T-shirt ၁၀ ထည်ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။