တော်လှန်ရေးသည် စစ်ရေးသီးသန့်ဖြင့် အဖြေရှာနိုင်မည့် တော်လှန်ရေးမဟုတ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 29, 2022

တော်လှန်ရေးသည် စစ်ရေးသီးသန့်ဖြင့် အဖြေရှာနိုင်မည့် တော်လှန်ရေးမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီတော်လှန်ရေးက နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေးမဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်းမဟုတ်ပါဘူး။ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်းများစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး ပြသနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ကြောင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေး၀န်ကြီးဌာနအနေဖြင့် နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေး၀န်ကြီးဌာနမှလည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာ၀န်ကြီးဌာနကလည်း ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ထို့ပြင် နို၀င်ဘာ ၂၈ ရက်က ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်အဖွဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး အခွန်ဘဏ္ဍာများကို ကဏ္ဍအလိုက်ကောက်ခံလာနိုင်သည်ကို တွေ့ရကြောင်း၊ ရရှိလာသည့် အခွန်ဘဏ္ဍာ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ရန် ကြိုးစားထုတ်ရန် လိုကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ယင်းအပြင် မဟာမိတ်ဆက်ဆံရေးကို အထူးအလေးပေးပြီး စနစ်တကျ စီမံနိုင်ရန်လိုကြောင်း၊ ကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်နေသည့် ၀န်ကြီးဌာနများ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ၊ ကာကွယ်ရေး၀န်ကြီးဌာနအားလုံး တိုင်တိုင်ပင်ပင် ချိတ်ဆက်ပြီး ခိုင်မာတိကျသည့် မူဝါဒတစ်ခုနှင့် စီမံဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးအင်အားစုများကြား သွေးကွဲစေမည့်၊ ဝေဝါးစေမည့် နည်းလမ်းများကို သုံးလာမည်ဖြစ်ကြောင်း၊ ဒါဟာ ယင်းတို့၏ လုပ်ရိုးလုပ်စဉ် နည်းလမ်းများဖြစ်သဖြင့် ကျွန်တော်တို့ အစိုးရအနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်မှု၊ လေ့လာမှုများဖြင့် ပြည်သူများကို နည်းလမ်းမှန်စွာ ဦးဆောင်မှုပေးနိုင်ရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CJPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ

Related News

Depend on news