တောမီးလောင် တောကြောင် လက်ခမောင်းထခြင်း (သို့) ပျောက်ဆုံးလာတဲ့ တာဝန်ယူမှု တာဝန်ခံမှု

Author မောင်ဒဂုံ
Categories
Published on Mar 05, 2023

တစ်ကျော့ပြန် စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကာလအတွင်း လူထုကို ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုတွေ ဆိုးဆိုးရွားရွား ပျောက်ဆုံးလာခဲ့ပါတယ်။ စည်ကမ်းကောင်းတဲ့ အစိုးရတစ်ရပ် မရှိတော့ခြင်းရဲ့ ဆိုးကျိုးအဖြစ် နေရာတကာမှာ စည်းကမ်းဖောက်ဖျက်တာတွေ အဂတိတရားတွေ ကြီးစိုးလို့ လာနေခဲ့ပါတော့တယ်။

“မထသ ဘီလူး ဝင်းစီးခံရပြန်တဲ့ YBS နဲ့ အောက်ဆိုဒ်ကား ခေါင်မိုးပေါ်က မြို့ပြ ခရီးသွားတွေ”

စပါယ်ယာတွေရဲ့ အော်ငေါက်သံတွေ၊ မှတ်တိုင်မှာ ကြာမြင့်စွာ ကျောက်ချ ရပ်နားနေတဲ့ မထသ ဘတ်စ်ကားတွေ နေရာမှာ YBS အဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် ရန်ကုန်မြို့ရဲ့ မြို့တွင်း ဘတ်စ်ကားလိုင်းများဟာ အရှေ့တောင်အာရှမှာ အဆင့်အတန်း တစ်ခု ရှိတဲ့ အခြေအနေကို ရောက်ခဲ့ပါသေးတယ်။

လေအေးပေးစက် အချိန်ပြည့်ဖွင့်ထားပြီး စပယ်ယာ မပါတော့တဲ့ YBS များက ကျောက်ချ ရပ်နားတာတွေလည်း ကင်းမဲ့ သွားခဲ့တဲ့ အတွက် ပြီးပြည့်စုံတယ် မဆိုနိုင်ပေမယ့် ကျေနပ်စရာ အခြေအနေတစ်ခုတော့ ရှိခဲ့ပါတယ်။

ဒါတွေက စစ်အာဏာသိမ်း အပြီး တစ်နှစ်ကျော်အတွင်း ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာကို  YBS ယာဉ်လိုင်း အချို့မှာ စပယ်ယာတွေ ပြန်မြင်တွေ့လာရပါတယ်။ အဲ့ဒီနောက် ယာဉ်စီးခ ပိုမို ကောက်ခံမှုတွေကလည်း ယာဉ် လိုင်း တော်တော်များများ မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

၂၀၂၂ခုနှစ်ထဲမှာ ဆိုရင် ဒီ YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေက အလွန်ပေါများလာခဲ့ပြီး ဓါးပြတိုက်တာတွေ ပါဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ခုနှစ် နှစ်စပိုင်းက ဖြစ်ခဲ့တဲ့ YBS ၄၂ ယာဉ်တစ်စီးပေါ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ အင်းစိန်မြို့နယ် ဘက် သွားလာနေတဲ့ ယာဉ် လိုင်းအချို့ပေါ်မှ တုတ်ဓားကိုင်ဆောင်ပြီး လုယက်တဲ့ ဖြစ်စဉ်မျိုးတွေ မကြာခဏ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး YBS ပေါ်မှာ လုယက်တဲ့ ဖြစ်စဉ်တွေ လျော့ကျသွားခဲ့ပေမယ့် ခါးပိုက်နှိုက်တဲ့ ဖြစ်စဉ်တွေကတော့ ဆိုးရွားနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

မြို့စွန် မြို့နယ်တစ်ခုကနေ ရန်ုကုန်မြို့တွင်းကို နေ့စဉ် အလုပ်ဆင်းနေရတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရုံးဆင်းရုံးတက်ချိန်များ ဖြစ်တဲ့ နံနက် ၈နာရီ ဝန်းကျင်မှ ၁၀နာရီ၊ ညနေ ၄နာရီ ဝန်းကျင်မှ ည ၇နာရီကျော် အချိန်များဟာ ဘတ်စ်ကား ကျပ်လေ့ရှိပြီး ခါးပိုက်နှိုက်တွေ ကျက်စားလေ့ရှိတဲ့ အချိန်များ ဖြစ်တယ်လို့ ပြောပါတယ်။

“ ရုံးဆင်းရုံးတက်ချိန်တွေက ကားအရမ်းကျပ်တယ်။ အဲ့ဒီ အချိန်တွေ အလွတ်ပေးလို့မရဘူး။ သတိလွတ်တာနဲ့ ဖုန်းပါသွားဖို့များတယ်။ အသိတွေလည်း အဲ့ဒီအချိန်တွေမှာပဲ ခါးပိုက်နှိုက်ခံရဖူးတယ်လေ။ နေ့ခင်းနေ့လယ်က လူလည်း သိပ်မကျပ်တော့ သိပ်စိတ်ပူစရာမလိုဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်မှာ လုံခြုံရေး အခြေအနေတွေ စိုးရိမ်ရတာကြောင့် မြို့ခံ အများစုက ညပိုင်း အချိန်များမှာ မဖြစ်မနေမှသာ နေအိမ်ပြင်ပသွားလာတာတွေ ပြုလုပ်ပါတော့တယ်။ YBS ယာဉ်မောင်းတွေကလည်း သူတို့ရဲ့ လုံခြုံရေးအခြေအနေကို စိုးရိမ်တာကြောင့် ည နက်ပိုင်းထိ မောင်းနှင်ပေးလိုခြင်း မရှိကြပါဘူး။

“ ကျွန်တော်တို့လည်း မမောင်းရဲဘူး။ ၇နာရီ က နောက်ဆုံး အကြောင်းပဲ။ ဂိတ်ကို ၉နာရီလောက် တော့ အရောက်ပြန်မောင်း အိမ်ပြန်နားပေါ့။ “ လို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲတဲ့ YBS ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

ည ၈နာရီ ကျော်တာနဲ့ YBS တွေ မရှိတော့တာကလည်း ရုံးဆင်းချိန် အလုပ်ဆင်းချိန် နောက်ကျသူတွေ အကြောင်းအမျိုးမျိုးကြောင့် ပြန်ချိန်နောက်ကျ သူတွေအတွက် အခက်အခဲ တစ်ခုအဖြစ် ပေါ်ထွက်လာရပါတယ်။

ဒီ အတွက် အောက်ဆိုဒ်ကားတွေကို ပြန်လည် အားထားလာနေရပြီး ဟိုင်းလပ်ကားများ ကို အသုံးပြုထားတဲ့ အောက်ဆိုဒ်ယာဉ်လိုင်းတွေမှာ ညနေပိုင်းနှင့် ညပိုင်း အချိန်များ၌ ကားခေါင်မိုးပေါ်များတွင် စီးနင်းလိုက်ပါလာတဲ့ မြို့တွင်းခရီးသွားပြည်သူတွေကို မြင်တွေ့လာရပါတော့တယ်။

ဒီလို အန္တာရာယ်များလှတဲ့ ကားခေါင်မိုးပေါ် လိုက်ပါစီးနင်းမှုတွေကို ပေါ်ပေါ်တင်တင် မြင်တွေ့နေရတာ ဖြစ်ပေမယ့်လည်း အောက်ဆိုဒ်ကား ယာဉ်လိုင်းတွေကတော့ အရေးယူခံရမှုတွေကနေ လွတ်ကင်းနေခဲ့ပါတယ်။

“ ကျွန်တော်တို့ တောင်ဒဂုံ ဘက်ပြန်ဖို့က တာမွေ ဗလီထိပ်ကို တစ်ဆင့်သွား၊ အဲ့ဒီမှာ အောက်ဆိုဒ်ကား စောင့်စီးပေါ့။ မစီးရင် ဘာစီးမလဲ။ YBS တွေက မလာတော့ဘူးလေ။ ခေါင်မိုးပေါ်ကတော့ ပျော်ပျော်ကြီး တက်စီး ချင်သူတွေက သက်သက်ကို ရှိတာ။ အောက်ဆိုဒ်ကားတွေက လူရဖို့ပဲလေ။ တင်လို့ရသမျှ တင်မှာပဲ။ ကျွန်တော်တို့ကလည်း စီးနေရမှာပဲ။ “ လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အောက်ဆိုဒ်ကားတွေဟာ ခေါင်မိုးပေါ်များထိ ခရီးသည်များ အပြည့်တင်ဆောင်ပြီး အပြိုင် အဆိုင် အလုအယက် မောင်းနှင် ပြေးဆွဲနေကြတာ ဖြစ်ပြီး ဒီအတွက် တစ်စုံတစ်ရာ မတော်တမှုတွေဖြစ်လာပါကလည်း စီးနင်းသူ ခရီးသည်များအတွက် နာမည်ကျော် ဝတ္ထု ဇာတ်ကောင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ လက်သုံးစကားအတိုင်း “ ကိုယ်ဖြစ်ကိုယ်ခံ” အခြေအနေမျိုးကိုသာ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပြီးပြေးတဲ့ ယာဉ်တိုက်မှုများနဲ့ တရားခံ မဖမ်းတဲ့ ရဲတွေ”

စစ်ကောင်စီ လက်အောက်မှာ ယာဉ်ထိန်းရဲတွေဟာ လိုင်းကြေးတောင်းတာ၊ ငွေရပေါက်အတွက် ခွင်ဖန် ဖမ်းဆီးတာ၊ စစ်ခေါင်းဆောင်တွေ အတွက် လမ်းရှင်းပေးတာရယ်က လွဲရင် အခြားသော ယာဉ်မတော်တဆမှု ကိစ္စတွေ အတွက် ဖြေရှင်းဖို့ အားတက်သရော မရှိလှပါဘူး။

နေ့ခင်းပိုင်းအချိန်တွေမှာ သစ်ပင်အကွယ်၊ ကားအကွယ်၊ လမ်းအကွယ်နေရာများမှာ နေရာယူထားပြီး သွားလာနေတဲ့ ယာဉ်တွေကို တားဆီး စစ်ဆေးလေ့ရှိတဲ့ ယာဉ်ထိန်းရဲတွေကို မြင်တွေ့ရမှာ ဖြစ်ပေမယ့် ယာဉ်မတော်တဆမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့ တိုင်ကြားရင်တော့ လုံခြုံရေးကို အကြောင်းပြပြီး လာရောက်ဖို့ အချိန်ဆွဲလေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ယာဉ်မတော်တဆမှုတွေ ဖြစ်လာရင် ကြီးကြီးမားမား မထိခိုက်ပါက အချင်းချင်း ညှိနှိုင်းဖြေရှင်းလိုက်တာကသာ အကောင်းဆုံး အခြေအနေအဖြစ်နေခဲ့ရပါတယ်။

“ ဘဲဥ(ယာဉ်ထိန်းရဲ) တွေက အကွယ်လေးတွေမှာ စောင့်ပြီး ဂွင်ရှာနေတာပဲ ရှိတာ။ တကယ်တိုက်လို့ ခေါ်ရင်မလာဘူး။ ဘယ်လောက်ထိသွားလဲ ဘာလဲ လျှောက်မေးပြီး တော်တော်နဲ့ လာတာမဟုတ်ဘူး။ လာရင်လည်း သူတို့ကို ပေးရတာတွေ ရှိသေးတယ်။ နည်းနည်းပါးပါးလောက် ထိခိုက်တာတွေဆို ကိုယ့်ဘာသာ ညှိလိုက်ကြတာက ပိုအဆင်ပြေတယ်။ နှစ်ခါမနာတော့ဘူး “ လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် အတွင်း အသက်သေဆုံးသည်ထိ ဖြစ်ခဲ့ရတဲ့ တိုက်ပြီး ပြေးတဲ့ ယာဉ်တိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။ စစ်ကောင်စီက တော်လှန်သူများကို ရှာဖွေဖမ်းဆီးရန် မြို့အနှံ့ စီစီတီဗီ ကွန်ယက်ကို ပိုမို ဖြန့်ကျန့်ထားခဲ့ပေမယ့် ဒီတိုက်ပြီး ပြေးတဲ့ ယာဉ်တိုက်မှုတွေမှာ တရားခံကို ရှာဖွေဖမ်းဆီးတဲ့ နေရာမှာတော့ သိပ် အသုံးချလေ့ မရှိထားပါဘူး။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုမှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး တိုက်ပြီး ပြေးသွားတဲ့ ယာဉ်မောင်းကို ရှာဖွေရန်အတွက် ရဲကို ငွေကြေးပေး ရှာဖွေခိုင်းခဲ့ရတယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော့်သူငယ်ချင်း အဖေကို တိုက်သွားတာ။ စီစီတီဗီလမ်းကြောင်းရှာဖို့လည်း ပေးရတယ်။ လူဖမ်းပေးဖို့လည်း ပေးရတယ်။ တရားခံကတော့ မိသွားပါတယ်။ ရဲက လုံခြုံရေး က ရှိသေးတယ် အကြောင်းပြနေတာလေ။ ညှိပြီး ပေးလိုက်တော့မှ သူတို့ဘာသာ ရှာပေးတယ်။ “ လို့ သူက ဆိုပါတယ်။

“အမြဲပျက်နေတဲ့ Wifi”

စစ်အာဏာသိမ်းမှုကာလအတွင်း တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့လွန်းသဖြင့် နာမည်ပျက်လာတာက Wifi ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အာဏာသိမ်းစ အချိန်တုန်းကလည်း စစ်ကောင်စီ အလိုကျ Wifi ကုမ္ပဏီတွေက အသုံးတော်ခံခဲ့ပြီး ည ၁နာရီ ထိုးတာနဲ့ လိုင်းတွေကို ဖြတ်ပေးခဲ့ကြပါတယ်။

နှစ်လလောက် ဒီလိုမျိုး ညစဉ် လိုင်းတွေ ဖြတ်တောက်ခဲ့ပေမယ့် လစဉ်ကြေးကိုတော့ ပုံမှန်အတိုင်းသာ ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း စစ်ကောင်စီ ဘက်က ၂၄ နာရီ အင်တာနက် လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် Wifi ကုမ္ပဏီတွေကတော့ သူတို့ စစ်ကောင်စီ အလိုကျ လိုင်းဖြတ်ပေးခဲ့တဲ့ အချိန်တွေအတွက် အစားထိုး ဝန်ဆောင်မှုမျိုးကိုတော့ နှစ်နှစ်ကျော်လာသည်ထိ ပြန်လည် ပေးခဲ့ခြင်း မရှိပါဘူး။

အဲ့ဒီနောက်ပိုင်း စစ်အာဏာသိမ်းမှု ကာလတစ်လျှောက်မှာ Wifi လိုင်းတွေဟာ မကြာခဏ လိုင်းဆွဲအား ကျဆင်းတာတွေ၊ လိုင်းပြတ်တာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ လိုင်းပြတ်၊ လိုင်းကျ တာတွေနဲ့ မကြာခဏ ဖြစ်နေပေမယ့်လည်း ဒီ Wifi ကုမ္ပဏီတွေကတော့ အသုံးပြုသူတွေကို အကြောင်းအမျိုးမျိုး ပြနေခဲ့တာ သာရှိပြီး အစားထိုး ဝန်ဆောင်မှုတွေကိုတော့ ဘယ်အခါမှ ပြန်ပေးလေ့ မရှိဘူးလို့လည်း သိရပါတယ်။

“ ဆာဗာ ကျနေလို့ပါ၊ မြေအောက်ကေဗယ်ကြိုး ပျက်သွားလို့ ၊ လာစစ်ဆေးပေးပါမယ်။ ဒါတွေပဲ လာတာပါ။ တစ်ခါတစ်ခါ ဘာမှန်းမသိ လိုင်းပြတ်တာ နှစ်ရက်သုံးရက်၊ ပြင်ပေးမယ်ဆိုပြီး လာပြင်တာလည်း မရှိဘူး။ လိုင်းကတော့ ပြီးရင် ပြန်ရလာတယ်။ ပြတ်သွားတဲ့ ရက်တွေ အတွက် နစ်နာမှုကို သွားပြောရင် ဟိုလွှဲချ ဒီလွှဲချပါပဲ။” လို့ ရန်ကုန်မြို့ခံ တစ်ဦးက ဆိုပါတယ်။

ဒီလိုမျိုး Wifi လိုင်း ပြတ်တောက်တာတွေ၊ လိုင်းကျတာတွေကြောင့် အွန်လိုင်း သင်တန်းတွေ၊ အလုပ်အကိုင်တွေ အတွက် အခက်အခဲ၊ ပြဿနာတွေ အများကြီး ကြုံရတယ်လို့ သိရပါတယ်။

သင်တန်းချိန် လိုင်းမရတော့တာမျိူး၊ အရေးကြီး အလုပ်အစည်းအဝေး ပြုလုပ်နေချိန် ရုတ်တရက် လိုင်းကျ လိုင်းပြတ်သွားတာမျိုးတွေကြောင့် အစားထိုးရခက်တဲ့ ဆုံးရှုံးမှုတွေပါ ကြုံရတတ်တယ်လို့ လည်းပြောကြပါတယ်။

“ နိုင်ငံခြား ကုမ္ပဏီ တစ်ခုနဲ့ အလုပ်အင်တာဗျုး လုပ်နေတုန်း Wifi ပြတ်သွားတာမျိုးဆို ဘယ်လိုလုပ်မလဲ။ သင်တန်းတက်တုန်း၊ Meeting လုပ်နေတုန်း လိုင်းပြတ်သွားတာတွေ ခဏခဏ ကြုံရတယ်။ ဒီနောက်ပိုင်းမှာ။ ဘာဖြစ်လဲ ဆိုရင် ဘီလ်ပြေးဝယ်ရတာပေါ့။ ဒေတာ ဖွင့်သုံးရင် မနည်းမနော ထပ်ပေးရတာလေ။ အဲ့ဒီလို ဆုံးရှုံးမှုတွေအတွက်ရော ဒီ Wifi ကုမ္ပဏီတွေ ဘာပြန်လာလဲ။ ဘာမှ ပြန်မလာဘူး။ “ လို့ အွန်လိုင်းကနေ သင်တန်းတွေ တက်နေတဲ့ လူငယ်တစ်ဦးက သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

“မီတာခပဲ ကောက်တတ်တဲ့ EPC”

YESC တစ်ဖြစ်လဲ EPC ဌာနဟာ စစ်အာဏာသိမ်းစ ကနဦး သပိတ်မှောက်ကာလတွေမှာ တုန်းကတော့ လူထုနဲ့အတူ သူတို့လည်း တတ်အားသရွေ့ ပါဝင် ပူးပေါင်းခဲ့ကြပါသေးတယ်။ လူထု လုံခြုံရေးပေးထားမှုနဲ့အတူ စစ်ကောင်စီ တပ်တွေကို အံတုရဲခဲ့တဲ့ EPC ဝန်ထမ်းတွေဟာလည်း ချီးကျူးမှုတွေ ခံယူခဲ့ရဖူးပါတယ်။

နောက်ပိုင်း ဒီ လျှပ်စစ်မီတာရုံးတွေမှာ စစ်ကောင်စီ တပ်တွေ တပ်ဆွဲလာခဲ့ပြီးနောက်မှာတော့ EPC ဝန်ထမ်းတွေလည်း အားမတန် မာန်လျှော့ခဲ့ရဟန် ရှိပါတယ်။ ၂၀၂၁ခုနှစ် နှစ်လယ်လောက်ကစပြီး EPC ဝန်ထမ်းတွေဟာ စစ်ကောင်စီ တပ်သားတွေနဲ့အတူ ရန်ကုန်မြိုအနှံ့မှာ မီတာခတွေ လိုက်လံကောက်ခံတာ၊ မပေးဆောင်တဲ့ နေအိမ်တွေကို မီးလိုက်ဖြတ်တာတွေ ပြုလုပ်လာခဲ့တာကို တွေ့ရပါတယ်။

မီတာခ ရရှိရေး အားတက်သရောတွေ ပူးပေါင်းဆောင်ရွက်နေပေမယ့် လျှပ်စစ်မီး အချိန်မမှန် ပြတ်တောက်တာတွေ ကြေညာထားတဲ့ အချိန်အတိုင်း မဟုတ်ဘဲ ပြတ်တောက်တာတွေအတွက်တော့ ဖုန်းဆက်မေးရင်တောင် ပြန်ဖြေကြားတာမျိုး နည်းပါးလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုတွေ ပြန်ဖြစ်လာနေတဲ့ အပြင် ပျက်ချင်တဲ့ အချိန်ပျက်ပြီး လာချင်တဲ့ အချိန်လာနေတာတွေကြောင့်လည်း လူထုရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာပါတယ်။

“ လာမယ်ပြောတဲ့ အချိန်မလာတာ၊ လာရမယ့်အချိန်ပြတ်သွားတာတွေက ထမင်းချက် ဟင်းချက်ကအစ အကုန်ပြဿနာတွေ တက်ကုန်ရော။ မီးမွှေးပြီးမှ မီးပြန်လာရင် မီးသွေးဖိုးက ဆုံးပြီ။ ထမင်းအိုးတည်ပြီး မီးပျက်သွားရင် မီးမွှေးရမလား ပြန်လာတာစောင့်ရမလားနဲ့ ထမင်းအိုးလည်း ပျက်ပေါင်းများပြီ။ ကုန်ဈေးနှုန်းတွေက ဆန်တစ်ပြည် သုံးထောင်ကျော်နေပြီ။ ဘယ်သူက ဒါတွေကို ပြန်လာပေးမလဲ။ EPC က ကောင်တွေက မီတာခပဲ လာကောက်တတ်တာ” လို့ တာမွေမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“ဘာမှန်းမသိတဲ့ ကုန်ပစ္စည်းတွေ ပေါ်လာတဲ့ တိုင်းပြည်”

တောင်ဥက္ကလာပမြို့နယ်က အိမ်ထောင်ရှင် အမျိုးသားတစ်ဦးက ဈေးက ဝယ်လာတဲ့ ပဲပြားတွေ ရေခဲသေတ္တာထဲ မထည့်ထားပဲ နဲ့တောင် သုံးရက်လောက် အထားခံတဲ့ အတွက် ထူးဆန်းနေခဲ့ပါတယ်။

ပုံမှန် ပဲပြားတွေဟာ တစ်ရက်ခွဲလောက် ပြင်ပအပူချိန်အတိုင်းထားရင် အချဉ်ဖောက်သွားတတ်ပေးမယ့် ဒီ အိမ်ထောင်ရှင် အမျိုးသားဝယ်လာတဲ့ ပဲပြားတွေကတော့ အကောင်းအတိုင်း ရှိနေတာပဲ ဖြစ်ပါတယ်။

“ ပဲပြားကို ဒီအတိုင်းထားတာ သုံးရက်လောက်ခံနေတယ်။ ရေခဲသေတ္တာထဲ မထည့်ထားဘူးနော်။ စားတောင် မစားရဲတော့ဘူး။ ဘယ်ပဲပြားက အဲ့ဒီလောက်အထားခံတာ ရှိဖူးလို့လဲ။ ဖော်မလင်တွေ ဘယ်လောက်သုံးထားတယ် မသိဘူး”လို့ သူက မှတ်ချက်ပေးပါတယ်။

ယမကာ နှစ်သက်သူ လူငယ်တစ်ဦးကလည်း သူသောက်သုံးနေကျ ယမကာ အမျိုးအစားက ယခင်က အရသာမျိုးမဟုတ်ပဲ သောက်ပြီး မနက်နိုးထလာချိန်မှာ မအီမသာ ဖြစ်တာတွေ ပိုဆိုးလာတယ်လို့ ပြောပါတယ်။

ဈေးနှုန်း ပိုမိုကြီးလာပေမယ့် အရည်အသွေးကျဆင်းသွားပြီး ကျန်းမာရေးကို ပိုထိခိုက်လာတယ်လို့ ခံစားနေရတာကြောင့် ဒီ လူငယ်ကတော့ သူသောက်နေကျ ယမကာ တံဆိပ်အပေါ် စိတ်ပျက်နေခဲ့ပါတယ်။

“ အရင်က မွှေးမွှေးလေ။ အခုက ဘယ်လိုကြီးမှန်းမသိဘူး။ နောက်ရက် ကိုက်ခဲနေတာက ပိုဆိုးတယ်။ အရင်က ဒီ အရက်သောက်ရင် အဲ့လို မဖြစ်ဘူး။ အတုလားဆိုတော့လည်း မဟုတ်ဘူး။ တရားဝင် အမှတ်တံဆိပ်တွေနဲ့ စိတ်ချရတဲ့ ဆိုင်ကပဲ ဝယ်သောက်တာ။ ကုမ္ပဏီကိုက ကွာလတီတွေ ဘာလုပ်ပစ်တယ်မသိဘူး။” လို့ အဆိုပါ လူငယ်က ပြောပြပါတယ်။

ဒါ့အပြင် ယခုနောက်ပိုင်း သရေစာ မုန့်တွေအပြင် စားသောက်ကုန် အမှတ် တံဆိပ် အသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှုများနေပြီး FDA ခွင့်ပြုချက် ရထားခြင်း ရှိမရှိ မသိရတဲ့ စားသောက်ကုန်တွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

နာမည်ကြီး တံဆိပ်များတွင် ပါဝင်တဲ့ ပမာဏအတိုင်း ဈေးနှုန်းပိုမို သက်သာစွာဖြင့် ဝယ်ယူရနိုင်တဲ့ ဒီ စားသောက်ကုန်တွေ၊ မုန့်ပဲ သရေစာတွေကို စားသုံးသူတွေက ပိုမို ရွေးချယ် ဝယ်ယူလာကြပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်နေသဖြင့် ကျပ်တစ်ရာ သက်သာ ကျပ်နှစ်ရာ သက်သာ ချွေတာရေး လမ်းစဉ်ကို ရွေးချယ်ရန် ဖြစ်လာတာကြောင့်လည်း ဒီလို စားသောက်ကုန်တွေ ရောင်းကောင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ လက်ဖက်ထုတ် အသစ်တွေ ထွက်တယ်။ FDA ခွင့်ပြုချက်က အတုလား အစစ်လား မသိဘူး။ ပါတော့ပါတယ်။ အွန်လိုင်းပေါ် တက်စစ်တော့လည်း စစ်ရမယ့် နေရာက မရှိဘူး။ ရှိတဲ့ နေရာမှာလည်း ဒီ တံဆိပ်မျိုး မတွေ့ဘူး။ အခြား ဝယ်နေကျ လက်ဖက် ထုတ်က ငါးရာဆို ဒီ လက်ဖက်က နှစ်ရာ ပဲ။ ပမာဏကတော့ အတူတူပဲ။ စားကြည့်တော့လည်း အရသာကို ဟိုဟာ လောက်မကောင်းပေမယ့် မဆိုးတော့ နှစ်ရာတန်ပဲ ဝယ်စားဖြစ်တယ် “ လို့ လက်ဖက် ထုတ် တံဆိပ် အသစ် ကို ပြောင်းလဲ ဝယ်ယူ စားသုံးနေခဲ့သူ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဆေးဘော့လိပ်က အစ ဈေးကွက်ထဲမှာ အတုတွေ ပိုပေါလာတယ်လို့ ထင်မိကြောင်းလည်း အဆိုပါ မြို့ခံလူငယ်က ပြောပါသေးတယ်။

“ ဆေးဘော့လိပ်တွေ ဝယ်သောက်ရင် တစ်လိပ်လောက်ကို ဖောက်ပြီး ကြည့်ကြည့် အထဲမှာ သစ်သားစတွေကြီးပဲ တွေ့တာမျိုးတွေ မြင်ရမယ်။ ဖက်တွေကလည်း ဘာ ဖက် တွေနဲ့ လုပ်တယ်မသိဘူး။ အနံ့တွေကို က တစ်မျိုးကြီးတွေ။ စီးကရက်တွေလည်း ဒီအတိုင်းပဲ။ စက္ကူညှော်နံ့တွေနဲ့ အတုတွေလို့ပဲ ထင်တယ်။ ကိုယ့်ဘာသာ အစစ်ရှာဖွေနေရတာပေ့ါ “ လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်မှာ လူထု ဘဝတွေက ကျပ်တည်း မွန်းကျပ်မှုတွေနဲ့ ပြည့်နေပါတယ်။ နေရာတိုင်းမှာ အဂတိတရားတွေ၊ တရားဥပဒေ မစိုးမိုးမှုတွေနဲ့ လုံခြုံမှုတွေကိုလည်း ခြိမ်းခြောက်လို့ နေပါတယ်။

ဘတ်စ်ကား စီးတာ၊ Wifi သုံးတာ၊ မုန့်ပဲ သရေစာဝယ်စား တာမျိုးတွေမှာပါ အတုအယောင်တွေ ပြည့်လာပြီး တာဝန်ယူမှု တာဝန်ခံမှုတွေ ကင်းမဲ့လာနေပါတယ်။

လူ့ကျင့်ဝတ်တွေကို စံနှုန်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီ လက်အောက်မှာ ဒီလိုမျိုး တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့လည်း ဝေးကွာနေဦးဖွယ် ရှိနေပါတယ်။