တောက်လောင်ဆဲ ဂါဇာစစ်မီးနဲ့ မြေစာပင်ပြည်သူများ

Author လင်းနွေဦး
Categories
Published on Oct 11, 2023

ရုရှား-ယူကရိန်း၊ တောင်-မြောက်ကိုရီးယား၊ တူရကီ-ကာ့ဒ်၊ယခု အစ္စရေး-ပါလက်စတိုင်း စစ်မီးတို့အပါအဝင် ကမ္ဘာကြီးမှာ စစ်မီးတွေတောက်လောင်လို့ လာနေပါပြီ။

ဂါဇာကမ်းမြောင်က အစ္စရေး-ဟားမက်စ်အုပ်စု မီးပွားကတော့ အရှိန်ပြင်းပြင်းနဲ့ကို တောက်လောင်ကောင်းနေဆဲပါ။

အေးချမ်းလှတဲ့ အောက်တိုဘာလ စနေနေ့ မနက်ခင်းမှာ မထင်မှတ်ထားလောက်အောင် ကြောက်စရာ “တရွှီးရွှီး” အသံကြီးတွေ သယ်ဆောင်လာတဲ့ ထောင်ပေါင်းများစွာသော ဒုံးတွေကို ပါလက်စတိုင်း ဟားမက်စ်အုပ်စုဘက်က အစ္စရေးထဲကို ပစ်လွှတ်ခဲ့ပါတယ်။

တစ်ချိန်တည်းလိုလို ပျော်ပျော်ရွှင်တီူမှုတ်ကခုန်နေကြတဲ့ အစ္စရေးဂီတပွဲကို ဟားမက်စ်တွေက မြေပြင်ကနေ ဝင်စီးခဲ့ပါတယ်။

ဒါကြောင့် ရာနဲ့ချီတဲ့ အစ္စရေးပြည်သူတွေ သေကြေပြီး ထောင်ချီ ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးနဲ့ နေအိမ် မြောက်များစွာ ထိခိုက်ပျက်စီးခဲ့ရတာပါ။

အစ္စရေးဘက်က ဘယ်လို လက်တုံံ့ပြန်ခဲ့သလဲ?

“ဒီလိုအကြမ်းဖက်လုပ်ရပ်ဟာ စစ်ကြေညာတာဖြစ်ပြီး ပါလက်စတိုင်းတို့ ပြန်ပေးဆပ်ရမယ်”

အစ္စရေးတို့ တိုက်ခိုက်ခံရအပြီး အစ္စရေး ဝန်ကြီးချုပ်က ပြည်သူတွေကို အခုလို ကတိပေးပြောကြားခဲ့တာပါ။

သူပြောပြီး မကြာခင်မှာပဲ အစ္စရေးစစ်တပ်ကနေ ဒုံးကျည်မြောက်များစွာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပါလက်စတိုင်း ဂါဇာမြို့ထဲကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲရဲ့ အပြန်အလှန် တိုက်ခိုက်မှု ထုံးစံအတိုင်း ဂါဇာမြို့ထဲက ပြည်သူတွေလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေ များပြားခဲ့ပြီး အဆောက်အအုံနဲ့ လူနေအိမ်များစွာလည်း အစ္စရေးနည်းတူ ပျက်စီးခဲ့ပါတယ်။

နှစ်ဘက်အကျိုးရလဒ်အနေနဲ့ ဘာတွေရှိမလဲ?

စစ်ပွဲတွေမှာ နှစ်ဖက် အကျိုးရလဒ်ဆိုတာ မရှိသလောက်ရှားပါတယ်။ သူသေကိုယ်သေဆိုတဲ့အတိုင်း သူတို့ဘက်က ပြည်သူ/ပြည်သားတွေ သေကြေပျက်စီးရသလို ကိုယ့်ဘက်က ပေးဆပ်ရတာလည်း မနည်းမနောပဲဆိုတာ ဒီစစ်ပွဲတွေက မီးမောင်းထိုးပြနေပါတယ်။

ကိန်းဂဏန်းတွေအရ အောက်တိုဘာ ၇ ရက် စနေနေ့က စတိုက်ခိုက်ခံရတဲ့ အစ္စရေးဘက်မှာ ယနေ့အထိ ပြည်သူ ၁၂၀၀ ကျော် သေဆုံးပြီး ၄၆၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

စတင်တိုက်ခိုက်တဲ့ ပါလက်စတိုင်းဘက်မှာလည်း အစ္စရေး ရဲ့ လက်တုံ့ပြန် မှုနဲ့အတူ ပြည်သူ ၉၅၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးငှာန က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက် ထိခိုက်ပျက်စီးတဲ့ အဆောက်အအုံ၊ နေအိမ် နဲ့ ယာဉ် တွေကတော့ ဆုံးရှုံးပျက်စီးမှုတန်ဖိုး တွက်မဆနိုင်အောင် များပြားနေပါတယ်။

လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေက ဘယ်အခြေအနေရှိလဲ?

ပါလက်စတိုင်းဘက်က စတင်တိုက်ခိုက်ခဲ့တဲ့ စနေနေ့မှာပဲ ဒုံးကျည်တွေလွှတ်ပြီး မကြာခင် အစ္စရေးနယ်စပ်မြို့တွေထဲ ဟားမက်စ် စစ်သွေးကြွတွေကို မြေပြင်တစ်မျိုး၊ ဝေဟင် တစ်ဖုံ စေလွှတ်ခဲ့ပြီး စိတ်ကြိုက်မွှေနှောက်တိုက်ခိုက်စေခဲ့ပါတယ်။

အပြစ်မဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူတစ်ချို့ဟာ သူတို့ရဲ့ အိပ်ယာနဲ့ နေအိမ်တွေထဲမှာတင် သတ်ဖြတ်ခံခဲ့ရပါတယ်။

အစ္စရေးပြည်သူတွေဟာလည်း ဂီတပွဲမှာ ပျော်ရွှင်မြူးတူးနေကြစဉ်မှာပဲ လူ ၂၆၀ နီးပါး သတ်ဖြတ်ခံခဲ့ရသလို ၁၀၀ ဦးကျော်ဖမ်းခံခဲ့ရပါတယ်။

အဲဒီလိုပဲ အပြစ်မဲ့ အစ္စရေးရွာသားတွေအဖို့ မထင်မှတ်ထားတဲ့ ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် မပြေးနိုင်ရင် ရွေးစရာလမ်းအဖြစ် “သေခြင်း” မှ တပါးမရှိခဲ့ပါဘူး။

“မပြေးနိုင်သူ ပြည်သူတွေတော်တော်များများဟာ ဟားမက်စ်အုပ်စုရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး တစ်ချို့ဆိုရင် ခေါင်းပါ ဖြတ်ခံခဲ့ရတယ်” လို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ အစ္စရေး စစ်သားတွေက BBC အယ်ဒီတာ Jeremy Bowen(ဂျေရမီ ဘိုဝမ်)ကို ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက် စနေ့နေ့ ညပိုင်းမှာ အစ္စရေး နယ်စပ်မြို့ တစ်ချို့ကို သိမ်းလိုက်နိုင်ပြီလို့ ဟားမက်စ်တွေဘက်က အသံထွက်ခဲ့ပေမယ့် အစ္စရေးဘက်က ယမန်နေ့မှာတော့ ပြန်လည်ထိန်းချုပ်ရှင်းလင်းရေးတွေ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

အစ္စရေး-ပါလက်စတိုင်း နိုင်ငံတကာ အမြင်

အမေရိကန်အပါအဝင် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ အနောက်နိုင်ငံတော်တော်များများနဲ့ အာရှနိုင်ငံများသာမက အာဖရိကန်နိုင်ငံများမှလည်း အစ္စရေးဘက်က ရပ်တည်ခဲ့ကြပြီး ဟားမက်စ်ရဲ့ တိုက်ခိုက်မှုအပေါ် ကို ပြင်းပြင်းထန်ထန် ကန့်ကွက်််််််််ရှုတ်ချခဲ့ကြပါတယ်။

ရုရှားဘက်မှ ယခုအရေးကို ရေငုံနုတ်ပိတ်ကာ “အစ္စရေး -ပါလက်စတိုင်း အရေးထိန်းချုပ်ရန် သတိပေးပြောကြားနေတဲ့ကြားမှပင် မပြောမဆို ဖြစ်ပွားခဲ့ရတယ်” လို့ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး မီခါလီရယ် ဘော့ဒါနော့ဗ်က ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ” ဟားမက်စ်ရဲ့ တိုက်ခိုက်မှုဟာ ပြင်းထန်ပြီးဆိုးရွားတဲ့ ကိစ္စရပ်” လို့ ရှုတ်ချပြောဆိုခဲ့ပြီး အစ္စရေးဘက်မှ ရပ်တည်ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယမန်နေ့ည အောက်တိုဘာ ၁၀ ရက်နေ့မှာ အစ္စရေးတောင်ပိုင်းကို စစ်လက်နက်ပစ္စည်းတွေ အပြည့်ပါတဲ့ လေယာဉ်တစ်စီးပို့ခဲ့ပါတယ်။

“ဟားမက်စ်တွေက စစ်ပွဲကို စခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အဆုံးသတ်ပေးပါမယ်” လို့ အစ္စရေး ဝန်ကြီးချုပ် နေသန် ရာဟုရဲ့ စီနီယာ အကြံပေး အရာရှိက BBC ကို ပြောကြားခဲ့ပါသေးတယ်။

ဟားမက်စ်တွေဘက်မှာတော့ အီရန် နဲ့ ဆီးရီးယား စတဲ့ မိတ်ဖက်တွေ ရှိနေပါတယ်။

အီရန် ရဲ့ နိုင်ငံခြားဝန်ကြီးဌာန ပြောဆိုချက်အရ ” မိတ်ဖက် ဟားမက်စ်တွေအနေနဲ့ ယခုလို တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လုပ်ရပ်တွေကိုရင်ဆိုင်ဖို့ ယုံကြည်မှုတွေတိုးလာတာကို ပြသခြင်းဖြစ်တယ်” လို့ ဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ နက်ဆာ ကာနာနီက ဆိုပါတယ်။

ဆီးရီးယားကတော့ အမြှောက်ကျည်ဆံတွေကို အစ္စရေး တောင်ကုန်းတွေဘက် ပစ်လွှတ်ခဲ့ပါတယ်။ ဒါကိုသတိပေးတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ကလည်း မော်တာ အမြှောက်ကျန်ဆန်တွေ ဆီးယားဘက် ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း “ဒါဟာ ဟားမက်စ်တွေဘက်က စတိုက်ခိုက်တဲ့ စနေနေ့ကစပြီး ဆီးရီးယားနဲ့ ပထမဆုံးအပြန်အလှန် ပစ်ခတ်တာပါ” လို့ AFP သတင်းဌာနမှာ ဖော်ပြပါတယ်။

ဒီမီးတောက် ဘယ်အထိမြင့်နိုင်လဲ?

ဟားမက်စ်တွေဘက်က တိုက်ခိုက်မှုဟာ ပျားအုံတုတ်နဲ့ ထိုးသလို အဖြစ်မျိုးနဲ့ ဆင်တူပြီး အခန့်မသင့်ပါက အစ္စရေး-ပါလက်စတိုင်း စစ်ပွဲမှသည် အနောက်နိုင်ငံများအထိ ပါဝင််််််ပတ်သက်ရသော ကမ္ဘာစစ်သဖွယ် ဖြစ်လာနိုင်ပါတယ်။

သို့သော်ငြားလည်း ကမ္ဘာ့ခေါင်းဆောင်များအနေနဲ့ ကမ္ဘာစစ်ကို ရှောင်ရှားရန် အလိမ္မာနည်းမျိုးစုံသုံးကာ နောက်ကွယ်မှ တိတ်တဆိတ်ပံ့ပိုးကူညီမှုတွေ ပြုလုပ်နေကြပြီး ရုရှား-ယူကရိန်း အရေးနဲ့ မြောက်ကိုရီးယားအရေးတို့ကို ကိုယ်တွယ်ဖြေရှင်းရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။