တိုင်းပြည်၏ မြေပေါ်၊ မြေအောက် သယံဇာတက များကို ထုတ်ယူသုံးစွဲမည်ဟု မင်းအောင်လှိုင်ပြော

Author လင်းခိုင်
Categories
Published on Nov 25, 2022

 

တိုင်းပြည်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲမည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နို၀င်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မင်းအောင်လှိုင်က တိုင်းပြည်၀င်ငွေရရှိရေးအတွက် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ရှိရင်းစွဲ မြေပေါ်မြေအောက် သဘာ၀သယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ စည်းကမ်း စနစ်တကျဖြင့် အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ဆိုသည်။

ထို့ပြင် စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချပြီး လျှပ်စစ်စွမ်းအင်ဖြင့် Public transportation များသုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်ပြီး၊ တစ်ဦးချင်း စက်သုံးဆီလျှော့ချပါက နိုင်ငံခြားငွေသုံးစွဲနေရမှု လျှော့ချနိုင်မည်ဟုလည်း မင်းအောင်လှိုင်ကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံအနှံ့ ကျေးရွာများ၊ လယ်ယာမြေများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီသည် လူမှုစီးပွားဘ၀များ အလျှင်အမြန် ပြန်လည် တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း အားပေးသွားမည်ဟုလည်း မင်းအောင်လှိုင်က ပြောသည်။

ဆက်လက်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွန်၊ အခများကို ကြိုးပမ်းကောက်ခံကာ၊ အခွန်ထမ်းဆောင်ရမည့် ပြည်သူများကိုလည်း အခွန်တာ၀န်ကျေပွန်စွာ ထမ်းဆောင်လာစေရေး အခွန်ဆိုင်ရာ အသိပညာပေးခြင်းများ စီစဉ်ဆောင်ရွက်မည်ဟုလည်း မင်းအောင်လှိုင်ကပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးများပြု လုပ်ရာတွင် ဘဏ္ဍာနှစ်အလိုက် ရငွေ၊ သုံးငွေများကို ဖော်ပြခဲ့ခြင်းမရှိဘဲ နှစ်အလိုက် လုပ်ဆောင်မည့် ကိစ္စရပ်များကိုသာ စစ်ကောင်စီမှ သတင်းထုတ်ပြန်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တို့ ရငွေ၊ သုံးငွေများကို လွှတ်တော်တွင် တင်သွင်းပြီး စီမံဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လွှတ်တော်အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် တိုင်းပြည်၀င်ငွေများကို ယင်းစိတ်ကြိုက် ချယ်လှယ်အသုံးပြုနေခြင်း ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #သယံဇာတ