တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ် ငါးခုတွင် စစ်ကောင်စီမှ မီတာခများ သွားမကောက်ရဲ

Author အောင်နိုင်သူ
Categories
Published on Oct 09, 2022

ကရင် ၊ကယား၊ ကချင် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီက မီတာခများ သွားမကောက်ရဲ၍ အရှုံးနှင့် လည်ပတ်ရင်ဆိုင်နေရသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါ တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ် ငါးခုရှိ လျှပ်စစ်ဝန်ထမ်းမှာ ကျေးရွာများသို့ မီတာခများ သွားကောက်မည့်သူမရှိ၍ လုပ်ငန်းမလည်ပတ်ဘဲ အရှုံးနှင့်ရင်ဆိုင်နေရတာဖြစ်သည်ဟု အမည်မဖော်လိုသူ လျှပ်စစ်ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။
“စစ်ကိုင်းမှာဆိုရင် ရှိနေတဲ့ဝန်ထမ်းတွေ ဘယ်မှမသွားရဲဘူး ဝန်ထမ်းလောကမှာ ရာထူးတိုးပေးတာတောင် မသွားရဲတဲ့ သူတွေရှိတယ် ပြောနေကြတဲ့စကားတစ်ခုရှိတယ် စစ်ကိုင်းကို ပြောင်းရွေ့အမိန့်ကျပြီဆို စစ်ကိုင်းကို ကျတယ်လို့မပြောဘူး မင်းသင်္ချိုင်းကုန်းရောက်သွားပြီလို့ ပြောကြတာ” ဟု ရှင်းပြသည်။
မွန်ပြည်နယ် ရေးမြို့နယ်တွင် မကြာခဏပစ်ခတ်မှု့တွေကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွေ့စာတင်ကြသော်လည်း လစ်လပ်နေရာတွင် အစားထိုးနိူင်မည့်ဝန်ထမ်းမရှိ၍ အဆိုပါရုံးတွေမှာပင် ဆက်လက် လုပ်ကိုင်နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“မွန်ပြည်နယ်ကို မပြောဘူးနော် ရေးမြို့နယ်ကို မထိန်းချုပ်နိူင်ဘူး ရေးမှာ ဘယ်သူက စစ်တပ်က ဌာနဆိုင်ရာက ဆိုပြီးမပြောရဲဘူး အချို့ပြောင်းရွေ့စာတင်တယ် မရဘူး”ဟု ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန၏ ဌာနအတွင်း အချက်အလက်များအရ မီတာခပေးဆောင်ခြင်း မရှိသည့် ငွေပမာဏမှာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ခုနှစ် ဩဂုတ်လအထိ ၂၂၁ဒသမ ၈၁၂ ဘီလီယံကျပ်အထိ ကျန်ရှိနေကြောင်း သိရသည်။
ကရင်၊ ကယား ၊ကချင် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၊မကွေးတိုင်းတို့တွင် တော်လှန်ရေးကာလအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီမှ အရာရှိကြီးများ ၊ရဲ၊အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့ သေဆုံးခဲ့သည့်ဖြစ်စဥ်လည်းရှိသည်။
စစ်ကောင်စီတပ်အနေဖြင့် တစ်နိူင်ငံကို ထိန်းချုပ်နိူင်ပြီးရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုနေသော်လည်း လက်ရှိအခြေအနေတွင် ကရင်၊ ကယား ၊ကချင်၊ ချင်းပြည်နယ် ၊မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၊မကွေးတိုင်းတို့တွင် သွားရောက် တာဝန်ထမ်းဆောင်ရဲသူမရှိပေ။