တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးဆယ်ခုတွင် မိုးကြီးပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသတိပြုရန်လို

Published on Sep 27, 2022

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဆယ်ခုတွင် မိုးကြီးကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကိုသတိပြုရန်လိုကြောင်း မိုးဇလက ယနေ့ထုတ်ပြန်ထားသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း (Noru )အရှိန်ကြောင့် စက်တင်ဘာ ၂၈ရက်မှ အောက်တိုဘာ ၂ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
“တိုင်ဖွန်းမုန်တိုင်း NORU ရဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း(လေပွေလှိုင်း)အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်ဖါးအံနှင့် သထုံမြို့မြောက်ဘက်၊ ပဲခူးမြို့တောင်ဘက်၊ ဖေါင်ကြီးနဲ့လှည်းကူးကြားမှတဆင့် ကျုံပျော်နဲ့ ဟင်္သာတမြို့ကြားက ဖြတ်နိုင်ပါတယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကဆိုသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့်ပင် မြန်မာ့ကမ်းရိုးတန်း၌ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင် မြေပြင်လေသည် တစ်နာရီ၃၅မိုင်ထိ တိုက်ခိုက်နိုင်ပြီး လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးနေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ ရေကြီးရေလျှံမှုသတိပြုရန်မိုးဇလက နှိုးဆော်ထားသည်။